ကျွန်းမြို့တစ်မြို့ဖြစ်သည့် မြိတ်မြို့အတွင်း ထိုးဖောက်ဝင်ရောက်နေသည့် ဘုရားကိုင်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားသော တံတားနှစ်စင်းဖြစ်သည့် ဘုရားကိုင် ချောင်းကူးတံတား (ပါရမီ ပေါင်းကူးတံတား)နှင့် မြိတ်တောင် တံတားဦး ချောင်းကူးတံတား (မြို့သစ်တံတား)သည် ကြံ့ခိုင်မှုအားနည်းနေပါသည်။
ထိုကြောင့် ၂၀၁၈ ဘဏ္ဍာနှစ် တနသာၤရီတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလမှ စတပြုပြင်ချဲ့ထွင်တည်ဆောက်လျက်ရှိရာ တစ်စင်းတည်ဆောက်ပြီးစီး အသုံးပြုနေပြီဖြစ်ပြီး ကျန်တစ်စင်းမှာ ၇၅ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ တံတားတည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးသိန်းအောင်(ဦးစီးအရာရှိ-မြို့ပြ)ထံမှ သိရသည်။
တံတားနှစ်စင်းအနက် တိုင်းဒေသကြီးရန်ပုံငွေကျပ် သန်း ၉၀ ဖြင့် တည်ဆောက်သည့် အရှည်ပေ ၄၀၊ အကျယ် ၃၂ ပေရှိ ပါရမီပေါင်းကူးတံတားမှာ ရာနှုန်းပြည့်တည်ဆောက်ပြီးစီး အသုံးပြုနေပြီဖြစ်ပါသည်။
ဒါ့အပြင် တိုင်းဒေသကြီး ရန်ပုံငွေကျပ်သိန်း ၂၅၆ ဒသမ ၉ သန်းဖြင့် တည်ဆောက်လျက်ရှိသည့် အရှည်ပေ ၄၀ ရှိ မြို့သစ်တံတားမှာ ၇၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးသွားပြီဖြစ်ကာ တံတား၏ တစ်ခြမ်းကို ယာဉ်များဖြတ်သန်းသွားလာနိုင်နေပြီဖြစ်ပါသည်။
အဆိုပါ တံတားနှစ်စင်းသည် မြိတ်မြို့တွင်းရပ်ကွက်များသို့ ဖြတ်သန်းသွားလာရာတွင် နေ့စဉ်အသုံးပြုနေရသော တံတားများဖြစ်ကြောင်း သိရသည်။