တနင်္သာရီမြစ်ရေတင်ပြီး မြိတ်မြို့အတွက် ရေချိုပေးဝေရေး စီမံကိန်း ဒေါ်လာ ၇၆ သန်း ရင်းနှီးမြှုပ်နှံမည်


20 November, 2019

တနင်္သာရီမြစ်ရေတင်ပြီး မြိတ်မြို့အတွက် ရေချိုပေးဝေရေး စီမံကိန်းတစ်ခုကို အမေရိကန်ဒေါ်လာ ၇၆ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ရေပေးဝေရေးစီမံကိန်းကို မြိတ်အများပိုင် ကော်ပိုရေးရှင်းကုမ္ပဏီနှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သလို အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး မြိတ်မြို့တွင် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်က ကျင်းပခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင်လည်း ပြသဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

မြေအောက်ရေတူးဖော် သုံးစွဲမှုများပြားနေသည့်မြိတ်မြို့အတွက် ရေချိုရရှိနိုင်မည့်နည်းလမ်းများကို စူးစမ်းရှာဖွေနေပြီး တိုင်းဒေသကြီးအစိုးရနှင့်လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် MoU စာချုပ်ချုပ်ဆိုပါတယ်။ အောက်တိုဘာ ၃၁ ရက် ၂၀၁၉ မှာ စာချုပ်ခဲ့တယ်။ အခုစူးစမ်းလေ့လာမှုတွေ လုပ်နေပါတယ်။

အဓိကရည်ရွယ်ချက်က မြိတ်မြို့မှာ အဝီစိတွင်းရေကို အဓိကသုံးစွဲနေတယ်။ ရေရှည်မှာ မြေအောက်ရေခန်းခြောက်သွားနိုင်တယ်။ အဝီစိတွင်းရေတွေကလည်း ရေငန်လိုက်လာတာရှိတယ်။ ဒါကြောင့်မို့လို မြို့လူထုအနေနှင့်ကတော့ သောက်သုံးရေသန့်၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့ ရေသုံးစွဲနိုင်ဖို့ ဒီစီမံကိန်းကိုအကောင်ထည်ဖော်ရခြင်း ဖြစ်ပါတယ်။ တင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်မှာ ကျွန်တော်တို့ ကွင်းဆင်းနေပါတယ်။

စူးစမ်းလေ့လာမှု ဖြစ်နိုင်ခြေအစီရင်ခံကို တစ်နှစ်အတွင်းမှာ တိုင်းဒေသကြီးအစိုးရကို တင်ပြရပါ့မယ်။ တနင်္သာရီမြစ်က ရေချိုကို အားကိုးပါ့မယ် ။တနင်္သာရီမြစ်ကနေ ရေရနိုင်မယ့်နေရာ နှစ်နေရာကို ပဏာမရွေးချယ်ထားပါတယ်။

အဲဒါတွေက မော်တုံးရွာ၊ မြိတ်မြို့နယ်ထဲက တုံးဗျောဆိုတဲ့တစ်နေရာ အဲဒီနှစ်နေရာကနေ မြစ်ရေတင်ပါ့မယ်။ အဲဒီရေတွေကို မြိတ်မြို့နယ်ထဲက အင်္ဂမော်ရွာကိုပို့မယ်။ အဲဒီမှာ ရေသန့်စင်စက်ရုံရှိပါ့မယ်။

အဲဒီရေသန့်တွေကို ရွှေဒူးကျေးရွာ ကုန်းမြင့်ကနေ မြိတ်မြို့ထဲကို ရေသန့်လွှတ်ချပါ့မယ်။ နောက်ထပ် မြိတ်မြို့အနီးက စိမ့်စမ်းရေတွေကို ဘယ်နေရာကနေ ရနိုင်မလဲဆိုတာ လုပ်ဆောင်နေပါတယ်” ဟု မြိတ်အများပိုင် ကော်ပို ရေးရှင်း ကုမ္ပဏီ၏ တွဲဖက်မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ချိန်က ပြောကြားသည်။

မြိတ်အများပိုင်ကော်ပိုရေးရှင်းနှင့် တွဲဖက်လုပ်ဆောင်မည့် ထိုင်းနိုင်ငံရှိ Bright Blue Water Company မှာ ထိုင်းနိုင်ငံရှိ ခရိုင် ရှစ်ခရိုင်တွင် ရေပေးဝေနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံ များစွာရှိကာ စီမံကိန်းဖြစ်နိုင်ခြေများကို စူးစမ်းနေပြီဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းကြီးသာ အောင်မြင်သွားရင် နောက်တိုးချဲ့လာမယ့် ငါးပုစွန်ပြုပြင်စက်ရုံတို့၊ ရေခဲစက်ရုံတို့အတွက် လိုတဲ့ရေလည်းပေးနိုင်မယ်။ မြိတ်ဧရိယာမှာ ငါးဖမ်းလှေချည်းပဲ တစ်ထောင်ကျော်လောက်ရှိတော့။ ဒါကိုလည်း ကျွန်တော်တို့ ရေဖြည့်ပေးသွားနိုင်မယ်။ လုပ်ငန်းအောင်မြင်သွားရင်လည်း လက်ရှိ မြိတ်သူ/ သားတွေ သုံးနေရတဲ့ ရေဈေးနှုန်းထက် အများကြီးသက်သာသွားမှာပါ။ ရေလွှတ်ကန်တွေက လွှတ်ချလိုက်တဲ့ရေတွေကို မြိတ်တစ်မြို့လုံးမှာ ပိုက်သွယ်ပါ့မယ်။ ရေမီတာနှင့် ရောင်းပါ့မယ်။

စူးစမ်းလေ့လာမှုတွေ လုပ်နေတုန်း။ ဒါပေမဲ့ ကျွန်တော် အကြမ်းဖျင်းတွက်ချက်ထားတာက ဘတ်သန်းပေါင်း ၂၃၀၀ ကုန်ကျပါ့မယ်။ အမေရိကန်ဒေါ်လာအားဖြင့် ၇၆ သန်းလောက် ရင်းနှီးသွားပါ့မယ်။ ခွင့်ပြုချက်ရတာနှင့် တစ်နှစ်အတွင်း ရေဖြန့်ဝေသွားဖို့ စီစဉ်ပါ့မယ်” ဟု ဦးအောင်ချိန်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မြိတ်မြို့တွင် ရေချိုသုံးစွဲရန်အတွက် မြေအောက်ရေကို အဓိကသုံးစွဲနေသလို စက်ရုံတစ်ခုအတွက် အဝီစိတွင်းများစွာ တူးထားသည့် ကုမ္ပဏီများစွာလည်းရှိကြောင်းဒေသခံများက ပြောကြားသည်။

မြိတ်မြို့တွင် ရေချိုသုံးစွဲရန်အတွက် မြို့နေပြည်သူများက တစ်ယူနစ်ကျပ် ၁၃၀၀ ပေးကာ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။

Local Read 182 times