နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက် ၁၉၇ ကွက်ကိုပထမအကြိမ်ရောင်းမည်


23 September, 2019

စည်ပင်နေပြည်တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ပေ ၈ဝပတ်လည်မြေကွက်များကို အိမ်ဆောက်နေထိုင်ချင်သူများကို ပထမအကြိမ်အဖြစ် မြေကွက် ၁၉၇ကွက်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ ရက်မှ ၃ဝ ရက်အတွင်း မြေကွက်တစ်ကွက်လျှင် ယခင်သတ်မှတ်ဈေးနှုန်း ကျပ်သိန်း ၃၅ဝမှ လျော့ဈေး အဖြစ် ကျပ်သိန်း ၂၅ဝဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

မြေကွက်ဝယ်ယူချင်သူများအနေဖြင့် အမှန်တကယ်အိမ်ဆောက်နေထိုင်လိုသည့် သူများဖြစ်ရမည်ဖြစ်ပြီး လျှောက်ထားသူတစ်ဦးလျှင် မြေကွက်တစ်ကွက်ကိုသာလျှောက်ထားနိုင်မည်ဖြစ်သည်။

မြေကွက်ဝယ်ယူခွင့်ရရှိသူများအနေဖြင့် နေအိမ်ဆောက်လုပ်ပြီးမှသာ နှစ် ၃ဝမြေငှားဂရန်ကို ထုတ်ပေးမည်ဖြစ် သည်။မြေကွက်အားဝယ်ယူသူများအနေဖြင့် သတ်မှတ်ထားသည့် မြေကွက်နှုန်းထားကို တစ်ကြိမ်တည်း အပြတ် ပေးသွင်းရမည်ဖြစ်သည်။

မြေကွက်စတင်ချထားသည့်ရက်မှ ခြောက်လအတွင်း ခြံစည်းရိုးခတ်ခြင်း၊တစ်နှစ်အတွင်း လူနေအိမ်အပြီး ဆောက် လုပ်ရမည် ဖြစ်သည်။နေအိမ်ဆောက်လုပ်ခြင်းမရှိပါက မြေတန်ဖိုးကို ပြန်လည်ထုတ်ပေးမည် မဟုတ်ပဲ မြေကွက်ကို ကော်မတီက ပြန်လည်သိမ်းယူမည်ဖြစ်သည်။

ခြံစည်းရိုးခတ်ခြင်း၊နေအိမ်ဆောက်လုပ်ခြင်းကို အင်ဂျင်နီယာဌာန (အဆောက်အအုံ)ခွင့်ပြုချက်ယူ ဆောင်ရွက်မည် ဖြစ်သည်။

မြေကွက်ဝယ်ယူထားသူများအနေဖြင့် တစ်ဆင့် ပြန်လည်ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေးကမ်းခြင်းများ ပြုလုပ်၍ မရကြောင်း၊မြို့ပြအင်္ဂါရပ်နှင့်အညီ နေပြည်တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထား သည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်သည်။ ပေးသွင်းထားသောမြေတန်ဖိုးကို မည်သည့်အကြောင်းပြချက်များနှင့် ပြန်လည်ထုတ်ယူခွင့်မပြုဟု ထုတ်ပြန်ထားသည်။

မြေကွက်ဝယ်ယူရန်အတွက် လျှောက်လွှာဝယ်ယူရန်မလိုအပ်ပဲ လျှောက်လွှာပုံစံနှင့်အတူ မြေကွက်အမှတ်နှင့် တည်နေရာများကို နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ဝက်ဘ်ဆိုက် www.nptdc.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊အိမ်ထောင်စုလူဦးရေးမိတ္တူ၊သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး၏အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်၊သက်ဆိုင်ရာ ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊၆ လအတွင်းရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ်ရေင်စုံလိုင်စင်ဓာတ်ပုံ ၂ပုံတို့ကိုပူးတွဲတင်ပြရမည်ဖြစ်သည်။ လျှောက်လွှာများကို ဒီဇင်ဘာ ၁ ရက်မှ ၃ဝရက်အထိ မွန်းလဲ၄နာရီခွဲနောက်ဆုံးထားကာ လျှောက်ထားရမည် ဖြစ်သည်။

လျှောက်ထားသည့် မြေကွက်များကို မဲစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး မဲနှိုက်မည့်ရိုက်အား နိုင်ငံပိုင်သတင်းစာများ၊နေ့စဉ်ထုတ်သတင်းစာများတွင် ခုနှစ်ရက် ကြိုတင်၍ ကြေငြာသွားမည် ဖြစ်သည်။

လျှောက်လွှာနှင့် စပ်လျဉ်း၍သတ်မှတ်ထားသော စာရွက်စာတမ်းများ၊မပြည့်စုံ၍သော်လည်းကောင်း၊သတ်မှတ်ရက်ထက် နောက်ကျမှ ရောက်လာသည့် လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြေကွက်ရောင်းချခြင်းနှင့်အသေးစိတ်သိရှိလိုပါက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနခွဲ ဖုန်း ၀၆၇-၃-၄၁၄၂၉၂၊၀၆၇-၃-၄၁၄၂၆၃သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

Local Read 65 times