နေပြည်တော်ရေပန်းဥယျာဉ် လုပ်ကိုင်ခွင့် သတောတူစာချုပ် လက်မှတ်ရေးထိုး


05 September, 2022

နေပြည်တော်ရေပန်းဥယျာဉ်အား ခေတ်မီဆန်းသစ်သည့် ဥယျာဉ်ကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် နှစ်ရှည်ငှားရမ်းခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပါသည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို  Green City ၊ Clean City နှင့်  Smart City အဖြစ် ဆောင်ရွက်လျက်ရှိရာ  နေပြည်တော်ရေပန်းဥယျာဉ် သန့်ရှင်းသာယာလှပ ခေတ်မီရေးသည်လည်း ကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသောကြောင့် ခေတ်မီဆန်းသစ်သည့် ဥယျာဉ်ကြီးတစ်ခုအဖြစ်  အကောင်အထည်ဖော်ဆောင်ရွက်ရန် ရေပန်းဥယျာဉ်ကို ပုဂ္ဂလိကလုပ်ငန်းဖြစ်‌ေသာတင်ဒါအောင်မြင်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီနှင့် နှစ်ရှည်ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ က  နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်က ရေပန်းဥယျာဉ်အား အဆင့်မြှင့်တင်ဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူစိစစ်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် ကုမ္ပဏီအနေဖြင့် အများပြည်သူအပန်းဖြေနေရာအဖြစ် လူတန်းစားမရွေး ဝင်ရောက်လည်ပတ်နိုင်ရန် ရေပန်းဥယျာဉ်ဝင်ကြေးကို သင့်တော်သောနှုန်းထားဖြင့်သာ ကောက်ခံရန်လိုအပ်ကြောင်း၊ နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ဒေသတိုင်းရင်းသားရိုးရာစားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ သန့်ရှင်းသပ်ရပ်သည့် ခေတ်မီစားသောက်ဆိုင်များ၊ နည်းပညာဆန်းသစ်သော ကစားကွင်းများနှင့်ပြပွဲများ ထည့်သွင်းဆောင်ရွက်ရန်နှင့် တစ်နှစ်ထက်တစ်နှစ် မတူညီသည့်ဆန်းသစ်မှုများ၊ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် အမှာစကားပြောကြားခဲ့သည်။

 

နေပြည်တော်ရေပန်းဥယျာဉ်အား မြို့တော်အဆင့်နှင့်လျော်ညီအောင် ခေတ်မီဥယျာဉ်ကြီး တစ်ခုအဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြည်သူများစိတ်အပန်းပြေစေရန် ရိုလာကိုစတာ(Roller Coaster)၊ Zip Line ၊ ရေလွှာလျှောစီး (အကြီး)၊ ရေလှိုင်းတု၊ မဟာရဟတ်၊ Mono Train စသည့် ကစားနည်းများအပါအဝင် ကစားနည်းပေါင်း (၄၈)မျိုးကို (၃)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလရှိပြီးသော ကန်(၃)ဆင့် ရေကန်၊ ရေတံခွန်၊ ရေပန်းရုပ်ရှင်(Water Movie)နှင့် ရေပန်းအက(Water Dancing)တို့ကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

Myanmar Builder Guide

Region Read 843 times