နေပြည်တော်ရေပူစမ်းအပန်းဖြေစခန်းကို ပင်လောင်းမြို့နယ် တောင်ကျကျေးရွာအနီးတွင် တည်ရှိပြီး နေပြည်တော်-ပင်လောင်းကားလမ်း မိုင်တိုင် ၂၄ မိုင် ၄ ဖာလုံလမ်းခွဲမှ ၁ မိုင် ၆ ဖာလုံ ကွားဝေးကြောင်းသိရသည်။
ထိုရေပူစမ်းကို ၂၀၁၀ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၆-၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အပန်းဖြေစခန်း ဖွင့်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
နေပြည်တော်ရေပူစမ်းဖွင့်လှစ်လိုက်သောကြောင့် ဒေသခံကျေးရွာများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး ဒေသထွက်ကုန်များရောင်းချနိုင်သောကြောင့်လဲ စီးပွားရေးအဆင်ပြေလာကြောင်းသိရသည်။
နေပြည်တော်ရေပူစခန်းသည် သဘာဝအလျောက်ရေပူထွက်ရှိသည့် နေရာသုံးနေရာမှ ထွက်ရှိသည့် ရေပူများကို ရေပူစီးကြောင်းဖြင့် လည်းကောင်း ၊ ရေအေးစီးကြောင်းဖြင့် လည်းကောင်း သွယ်ယူထားကြောင်း သိရသည်။
ထိုရေပူစမ်းတွင် ပြင်ပစုပေါင်းရေ စိမ်ကန်လေးကန်၊ သီးသန့်(ကျား၊မ)ရေစိမ်ခန်းလေးခန်း၊ လုံးချင်းရေစိမ်ခန်းသုံးခန်းနှင့် ခြောက်ခန်းတွဲရေစိမ်ခန်းများသို့ ရေပူ၊ ရေအေးရောစပ်၍ ပြည်သူများအသုံးပြုနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
ထိုပြင့် နားနေဆောင်(ဂါဇီဘို) သုံးခု၊ ကျား၊ မ သီးခြားအဝတ်လဲခန်းများနှင့် သန့်စင်ခန်းများတည်ဆောက်ထားပြီး လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးထားသည် ဟုသိရသည်။
ထိုရေပူစမ်းတွင် ရေစိမ်ခြင်းဖြင့် ခန္ဓာကိုယ်သွေးလည်ပတ်မှု ကောင်းမွှန်စေခြင်း၊ ညောင်းညာကိုက်ခဲနာကျင်မှုများ သက်သာစေခြင်း၊ အာရုံကြောများနိုးကြားစေခြင်း၊ မီးလောင်ဒဏ်ရာရရှိထားသူများ၊ အပူလောင်ဒဏ်ရာရရှိထားသူများအတွက် ရေပူမကြာခဏစိမ်ပေးခြင်းအားဖြင့် သက်သာပျောက်ကင်း နိုင်ကြောင်းလဲသိရသည်။
ထို့ပြင် အဆစ်ရောင်ရောဂါရှိသူ၊ အရေပြားရောဂါရှိသူများနှင့် အမျိုးသမီးရောဂါများကိုလည်း သက်သာပျောက်ကင်းစေသည်ဟု သိရသည်။
နေပြည်တော်ရေပူစမ်းအပန်းဖြေစခန်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅၀၀ ခန့်တွင် တည်ရှိပြီး ရေပူများတစ်နှစ်ပတ်လုံးထွက်ရှိကာ တစ်နာရီလျှင် ဂါလန် ၈၀၀၀ မှ ၁၀၀၀၀ ခန့်အထိထွက်ရှိကြောင်းသိရသည်။
ထိုရေပူစမ်းမှရေ၏ အပူချိန်သည် ၉၈ ဒီဂရိစင်တီဂရိတ်ရှိပြီး ကြက်ဥများကို သုံးမိနစ်မှ ငါးမိနစ်ခန့် ရေစိမ်၍ စားနိုင်ကြောင်းသိရသည်။
နေပြည်တော်ရေပူစမ်းအပန်းဖြေစခန်းသို့ လာရောက်အပန်းဖြေရင် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံတိုင်းရင်းသားများဖြစ်သည့် ရှမ်း၊ ကယန်း၊ ကရင်၊ ကယားတိုင်းရင်းသားတို့၏ နေထိုင်မှုဓလေ့ထုံးစံများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။
Source: Myawaddy Newspaper