NCDP မှ အကောင်အထည်ဖော်မည့် ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် မလစ်စက်မှုဥယျာဉ်


03 December, 2020

မေလဒုတိယပတ်တွင် ကျင်းပခဲ့သည့် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂ဝ၁၈ တွင် ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အစိုးရစီမံကိန်းများနှင့် ပုဂ္ဂလိကစီမံကိန်းများကို သက်ဆိုင်ရာတို့က အသီးသီးချပြခဲ့ကြသည့်အနက် ပုဂ္ဂလိကစီမံကိန်းများအဖြစ် ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် မလစ်စက်မှုဥယျာဉ်စီမံကိန်းတို့ကို ခင်းကျင်းပြသခဲ့သည်။

စီမံကိန်းများနှင့်ပတ်သက်သော အကြောင်းအရာအချို့ကို Myanmar Investors Development Association (MIDA) ကလည်း ဖိုရမ်တွင် တင်ပြခဲ့သည်။

ဇရပ်ကွင်းစက်မှုဥယျာဉ်သည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မြေဧရိယာ ၆၆၅ ဧကကျော်ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်ဟု ၎င်းတို့ဖိုရမ်တွင် ဖော်ပြထားသည်။

ထိုနေရာတွင် အသေးစားစက်မှုဥယျာဉ် ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်း လုပ်ကိုင်ရန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သောမတ်လတွင် ခွင့်ပြုခဲ့သည်ဟု ကော်မရှင်ကထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါစက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုပမာဏသည် ကျပ်သန်း ၆၅,ဝ၅၂ ရှိသည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အချက်အလက်များတွင် ဖော်ပြထားပြီး တည်ဆောက်ရေးကာလ ငါးနှစ် ကြာမြင့်မည်ဖြစ်သည်။

ဇရပ်ကွင်းစက်မှုဇုန်အတွက် ကုမ္ပဏီဘက်မှ ခြံစည်းရိုးကာရံခြင်းတို့ကို စတင်လုပ်ဆောင်နေသည်ဟု သိရသည်။

စီမံကိန်းအတွင်း စက်မှုမြေနေရာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ စီးပွားရေး၊အုပ်ချုပ်ရေးနှင့် ဝန်ဆောင်မှု စသည်တို့အတွက် မြေနေရာများ ပိုင်းခြားထားသည်။

စက်မှုဇုန်တွင် အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်၊ အလှကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းထုတ်လုပ်ရေး၊ စက်ကရိယာနှင့် အပိုပစ္စည်းထုတ်လုပ်ရေး၊ စိုက်ပျိုးရေး အခြေပြုစက်မှုလုပ်ငန်းနှင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းတို့ ပါဝင်သည်။

အထက်ပါ စက်မှုဥယျာဉ်စီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရက စက်မှုဇုန်အသစ်များကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိသည့် စီမံချက်နှင့်မဆိုင်ဘဲ အစိုးရ၏ လှည်းကူးမြို့နယ်တွင်

စက်မှုဇုန်အသစ်ဖော်ထုတ်မည့် အစီအစဉ်မှာ လှည်းကူးမြို့အပြင် ကျွန်းကုန်းအရပ်အနီးတွင် ဖြစ်သည်။

မလစ်စက်မှုဥယျာဉ်သည် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မလစ်ကျေးရွာအနီးရှိ မြေဧရိယာ ၄ဝဝ ဧကတွင် အကောင်အထည်ဖော်သည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပုဂ္ဂလိက အသေးစားစက်မှုဥယျာဉ်ဖော်ထုတ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ကိုင်ရန် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ၂ဝ၁၆ ခုနှစ် မတ်လကတည်းက ခွင့်ပြုပေးခဲ့သည်ဟု ကော်မရှင်၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ကုမ္ပဏီက ဇုန်မြေနေရာများကို စီးပွားရေးဇုန်၊ အုပ်ချုပ်မှုဇုန်၊ ဝန်ဆောင်မှုဇုန်၊ စက်မှုလုပ်ငန်းဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးဇုန် စသည်ဖြင့် ခွဲခြားသတ်မှတ်ကာ အသီးသီးဖော်ဆောင်မည်ဖြစ်သည်ဟု သိရသည်။

စက်မှုဇုန်အပိုင်းတွင် နည်းပညာအခြေပြုစက်မှုလုပ်ငန်း၊ ကုန်စည်ထုတ် လုပ်မှု၊ အဝတ်အထည်လုပ်ငန်း၊ ဓာတုဗေဒ အခြေပြုစက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စိုက်ပျိုးရေးအခြေပြုစက်မှုလုပ်ငန်း၊

စက်ကိရိယာ စက်မှုလုပ်ငန်းတို့ ပါဝင်မည်ဖြစ်သည်ဟု ၎င်းတို့၏ရှင်းလင်းဖော်ပြချက်တွင် ဆိုထားသည်။

''ကုမ္ပဏီဘက်က လယ်သမားဆီက မြေဝယ်ပြီးလုပ်တာ၊ မြေအမှုတွေမရှိ ဘူး''ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း၏ တိုင်းလွှတ်တော်အမတ် မှ ပြောသည်။

''စီမံကိန်းက လျင်လျင်မြန်မြန်နဲ့ ဖြစ်လာရင်တော့ ကောင်းတာပေါ့။ အခုက နှေးကွေးနေတယ်။ ဒါကို အလျင်အမြန်ဖော်မှရမယ်''ဟု သူကမှတ်ချက်ပေးသည်။

ထို့ပြင် တိုင်းလွှတ်တော်တွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ဖော်ပြပါစီမံကိန်းအတိုင်း ဆောင်ရွက်ခြင်းရှိမရှိ၊ ပြန်လည်စိစစ်ရန်ရှိမရှိတို့ကို မေးမြန်းမည်ဟု ၎င်းကဆက်ပြောသည်။

JSDkA ကမူ မလစ်စက်မှုဥယျာဉ်နှင့်ပတ်သက်၍ အခြေခံအဆောက်အအုံလုပ်ငန်းများ ဆောင်ရွက်နေပြီး အများပြည်သူနှင့် တွေ့ဆုံခြင်း၊ ပတ်ဝန်းကျင် သက်ရောက်မှုများအပေါ် ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်နေသည်ဟု သိရသည်။

ဇရပ်ကွင်းစက်မှုဥယျာဉ်နှင့် မလစ်စက်မှုဥယျာဉ်တို့ကို မြို့တော်သစ်ဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ (New City Development Public Company – NCDP) က တာဝန်ယူ အကောင်အထည်ဖော်မည်ဟု သိရသည်။

NCDP သည် Thilawa SEZ Holdings Public Limited တွင် ပါဝင်သော မြန်မာ အများပိုင်ကုမ္ပဏီအစုအဖွဲ့ ကိုးခုအနက်မှ တစ်ခုဖြစ်သည်။

ထို့ပြင် ကုမ္ပဏီသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ဆောင်မည့် မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းလီမိတက်တွင် ပါဝင်သော အများပိုင်ကုမ္ပဏီ ၁၇ ခုထဲတွင်လည်း ပါဝင်သည်။

Infrastructure and Zones Read 276 times