ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင်မြေနေရာအား အဝေးပြေးကားဂိတ်အဖြစ် အသုံးပြုရန် ညှိနှိုင်းလျက်ရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မှ ပြောကြားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် အဝေးပြေးကားဂိတ် တစ်ခုကို စနစ်တကျ ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊အဝေးပြေးကားဂိတ်အဖြစ်
အသုံးပြုမည့် မြေနေရာသည် ရန်ကုန်-ဒလ ခရီးသည်တင် ချယ်ရီရေယာဉ်ကူးတို့ဆိပ်အနီးတွင် တည်ရှိပြီး အဝေးပြေးကားဂိတ်အဖြစ်အသုံးပြုရန် အသင့်လျော်ဆုံး ဖြစ်သည်။
ယင်းမြေနေရာပိုင်ဆိုင်မှုကို ကွင်းဆင်းစစ်ဆေးပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ Master Plan တစ်ခုရေးဆွဲလျက်ရှိပြီး အဓိကအားဖြင့် အဝေးပြေးကားဂိတ်များကို စနစ်တကျဆောင်ရွက် ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(အဝေးပြေး)၏ စီမံမှုအောက်တွင် ဒလမြို့နယ် မှ ဒေးဒရဲ၊ဖျာပုံ နှင့် ဘိုကလေးမြို့နယ် တို့သို့ ပြေးဆွဲနေသော
ယာဉ်လိုင်းပေါင်း ခြောက်လိုင်း အထိ ရှိပြီး ဧရာဝတီ တိုင်းဒေသကြီး ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး၊ဖျာပုံ၊မအူပင် စသည့် မြို့နယ် များမှ ဒလမြို့နယ် သို့အခြေပြု ပြေးဆွဲနေသော
ယာဉ်လိုင်းပေါင်း ၁၄လိုင်း ရှိကြောင်း၊ယင်းယာဉ်လိုင်းများတွင် ယာဉ်ပိုင်ရှင်များ၏ အရှုံးအမြတ် ပေါ်မူတည်၍ ပြေးဆွဲနေခြင်းဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး
သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တိုက်ရိုက် အုပ်ချုပ် ကွပ်ကဲသည့် ယာဉ်လိုင်းများဖြင့် ပြေးဆွဲပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဒလ၊တွံတေး၊ကော့မှူး၊ကွမ်းခြံကုန်းစသည့် မြို့နယ်တို့တွင် CNG ဆိုင်များမရှိခြင်းကြောင့် ယာဉ်ကြီးများမှာ ဒီဇယ်ဆီ ဖြင့်ပြေးဆွဲရသည့်အတွက် တွက်ခြေကိုက်မှု မရှိကြောင်း၊
ယင်းအတွက် အဆင်ပြေစွာ သွားလာနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊လက်ရှိတွင် ဒလမှ တွံတေးသို့ YBS 48 ယာဉ်လိုင်း၊ဒလမှ ကွမ်းခြံကုန်းသို့ YBS 50 ယာဉ်လိုင်းများဖြင့် ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။