ရန်ကုန်သီလဝါဆိပ်ကမ်းနှင့် ဆက်သွယ်ပေးနိုင်မည့် ပဲခူးအရှေ့မြို့ရှောင်လမ်းသစ်စီမံကိန်းအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြုပေးခဲ့သဖြင့် ပြည်ထောင်စု အဆင့်မှ ခွင့်ပြုချက်ရရှိရေး ဇွန်လ ဒုတိယအပတ်တွင် တင်ပြထားကြောင်း တိုင်းဒေသကြီးလွှတ်တော် စက်မှု၊လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးကော်မတီ မှ သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၆)မိုင် နီးပါးရှည်းလျားသည့် ပဲခူးအရှေ့မြို့ရှောင်လမ်းသစ်ဖောက်လုပ်မည့် စီမံကိန်းလျာထားသည်။
တိုင်းဒေသကြီး ဘတ်ဂျက်ငွေနှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။လမ်းဦးစီးဌာန နှင့် တင်ပြသည့် မြို့ရှောင်လမ်းကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်မည့်လမ်းကြောင်း နည်းနည်းပြန်ညှိရန် လိုသေးသည်။
တစ်ကြောင်းထိုးလမ်းနှင့် မြေယာလျော်ကြေးအတွက်ပထမဦးဆုံး ဆောင်ရွက်မည်ဖြစ်သည်။
ပြည်ထောင်စု အစိုးရမှ ခွင့်ပြုပေးလျှင် လာမည့် ဘတ်ဂျက်ကာလ အောက်တိုဘာလ တွင်စတင်မည်ဖြစ်သည်။
ပဲခူးမြို့အရှေ့ဘက်မြို့ရှောင်လမ်း လျာထားသည့် လမ်းကြောင်းမှာ ပဲခူးမြို့စိန်သာလျောင်းဘုရားအနီးမှ ထွက်ကာ သနပ်ပင် မြို့ဘက်သို့ မျက်နှာမူပြီး ယခင် အသုံးပြုခဲ့သော
မီးရထားလမ်းဟောင်းဘက် သို့ချိုးကွေ့၍ အနောက်မြို့ရှောင်လမ်းနှင့် ပေါင်းဆုံစေမည်ဖြစ်ကာ ခန့်မှန်းကုန်ကျ စရိတ် ကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်သုံးစွဲ ရန်လျာထားကြောင်းသိရသည်။
သနပ်ပင်မြို့မှ တစ်ဆင့် ခရမ်း၊သုံးခွများကို ဖြတ်ကာ သီလဝါဆိပ်ကမ်းအထိ ကုန်သွယ်မှု လမ်းကြောင်းကောင်းမွန်စေရန် ရည်ရွယ်ဖောက်လုပ်ခြင်းဖြစ်သည်။
မြို့ရှောင်လမ်းသစ်ဖောက်လုပ်မည့် အစီအစဉ်၏ ပထမလုပ်ငန်း စီမံလျာထားချက်အတိုင်း လာဂမို့ကျေးရွာဘက်မှ စတင်ဆောင်ရွက်ပါက လမ်းမိုင်ရှည်လျားသောကြောင့်
သုံးစွဲကုန်ကျမည့် ငွေမှာ ကျပ်သိန်းတစ်သောင်းခွဲကျော် ကုန်ကျမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက စိန်သာလျောင်း ဘုရားဘက်မှ ထွက်ကာ ယခင် ရထားလမ်းကြောင်းအတိုင်း သွား ပါက
ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်သာ ကုန်ကျမည်ဟု ခန့်မှန်းထားသဖြင့် မြေပြင်အခြေအနေအား ကော်မတီ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။