၂၀၂၀ နှစ်ကုန်ပိုင်းတွင် လေယာဉ်များ ဆင်းသက်အသုံးပြုနိုင်ရန် တည်ဆောက်နေသည့် ချင်းပြည်နယ်ရှိ ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းများအတွက် နိုင်ငံတော်က ဘတ်ဂျက်ထပ်မံချထားပေးမည်ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ဆုံးတွင်တည်ဆောက်နေသည့် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း၏ မြေထိန်းနံရံတစ်ခုနှင့် ပြေးလမ်း ပေ ၃၀ တည် ဆောက်ခြင်းအပါအဝင် စီမံကိန်းလုပ်ငန်းများ၏ ရာခိုင်နှုန်း ၅၀ ခန့်ပြီးစီးနေပြီဖြစ်သည်။
“ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးလုပ်ငန်းတွေအနေနဲ့ လက်ရှိအချိန်မှာ မြေထိန်းနံရံတစ်ခု တည်ဆောက်ပြီးစီးသွားပါပြီ။ ခုဆက်ပြီး ကျန်ရှိနေတဲ့မြေ ထိန်းနံရံတစ်ဖက်ကို စတင်တည်ဆောက်နေပါတယ်။ ၂၀၂၀ ခုနှစ်ကုန်ခါနီးလောက်မှာ လေယာဉ်များ စတင်ဆင်းသက်အသုံးပြုနိုင်ဖို့ တည်ဆောက်နေပါတယ်။ လိုတဲ့ဘတ်ဂျက် ထပ်မံချထားပေးဖို့ရှိပါတယ်”ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြားသည်။
လက်ရှိတွင် ဖလမ်း(ဆူရ်ဘုန်)လေယာဉ် ကွင်း၏ မြေထိန်းနံရံတစ်ဖက် တည်ဆောက်ခြင်း၊ လေယာဉ်ပြေးလမ်း ပေ ၃၀ အထိ တည်ဆောက်ခြင်း၊ ပေ ၄ဝဝအထိ မြေဖျက်ခြင်းလုပ်ငန်း၊ တောင်ဖြိုခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်အား စတင်တည်ဆောက်နေပြီဖြစ်သည်။ ဖလမ်းလေဆိပ်သည် ချင်းပြည်နယ်အလယ်ပိုင်းတွင် တည်ရှိပြီး ဖလမ်းလေဆိပ်မှ ဖလမ်းမြို့၊ လုံပိတောင်၊ ဟားခါး၊ ထန်တလန်၊ တီးတိန်ရိဒ်ရေကုန်စသည့် ချင်းပြည်နယ်ရှိ မြို့များမှ ဖလမ်းလေဆိပ်နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့် ပြည်နယ်လေဆိပ်များသို့ လွယ်ကူစွာသွားလာနိုင်ရန် လေယာဉ်ကွင်းမရှိသည့် ချင်းပြည်နယ်တွင် ယခုတည်ဆောက်နေသည့် ဆူရ်ဘုန် (ဖလမ်း) လေဆိပ်သစ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ လေကြောင်းဝင်ပေါက်အဖြစ် ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ချင်းပြည်နယ်သို့ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်ရန်ရည်ရွယ်ပြီး ၂၀၁၃ ခုနှစ်မှ စီမံကိန်းချမှတ်ကာ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် အချို့လမ်းပိုင်းနေရာများ၌ မြေပြိုမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်ချိန်တွင် လွယ်ကူစွာ သွားလာနိုင်ရန် ချင်းပြည်နယ် ထန်တလန် မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အဆိုပြုတင်ပြမှုနှင့် ချင်းပြည်နယ်မှ ပြည်သူလူထု၏တောင်းဆိုမှုများကြောင့် ဖလမ်းမြို့တွင် လေယာဉ်ကွင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်း မြို့ ဆူရ်ဘုန်တောင်ကြော ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ကာ ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျား ပေ ၂၀၀၊ အကျယ်ပေ ၁၀၀၊ လေယာဉ်ရပ်နားရာနေရာမှာ အလျား ၂၅၀ ပေ၊ အကျယ် ပေ ၂၅၀ ရှိပြီး ပြေးလမ်းခံနိုင်ရည်ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW – 49604) ပေါင် ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။