မန္တလေး-ပြင်ဦးလွင်လမ်း ၂၁ မိုင်အနီးတွင် ဆောက်လုပ်မည့် New Mandalay Resort City (ရတနာပုံ မြို့သစ်စီမံကိန်း)ကို လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်မိုးသီတာ က ဧရာဝတီကို ပြောသည်။
ဒေါ်မိုးသီတာ က “အခုက တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေက တင်ထားတဲ့ ဒီဇိုင်းတွေ ပြန်စစ်တာတွေ၊ စီမံကိန်းတခု လုံးရဲ့ဘတ်ဂျတ် တွက်ချက်နိုင်ဖို့အတွက် စီမံကိန်းအသေးစိတ်ဖြစ်နိုင်ချေတွေ လေ့လာတဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတာကြောင့် နောက်နှစ်လောက်မှာ စနိုင်ဖို့ မှန်းပါတယ်” ဟု ပြောသည်။ထို့ကြောင့် စီမံကိန်းအတွက် လျာထားဘတ်ဂျတ်နှင့် ပြီးဆုံးမည့်ကာလအား မသတ်မှတ်ရသေးဟု ဆိုသည်။
အဆိုပါမြို့သစ်စီမံကိန်းသည် စက်မှုအိုင်တီနည်းပညာ၊ စိုက်ပျိုးရေး၊ ဟိုတယ်ခရီးသွားလုပ်ငန်းကို အခြေပြု သည့် စီးပွားရေးမြို့အဖြစ် ဖော်ဆောင်ရန်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် ၂၁ မိုင်အနီးရှိ မြေဧက ၁ သောင်းခန့် တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး အပိုင်း ၃ ပိုင်းခွဲကာ ဆောင်ရွက်မည်ဟု သိရသည်။
ထို့အတွက် နှစ်ဆန်းပိုင်းက စီမံကိန်းဆောင်ရွက်လိုသည့် Master Developer များအား ရင်းနှီးမြှပ်နှံမှုနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများ စိတ်ဝင်စားကြောင်း အဆိုပြုလွှာများ (Expression of Interest EOI) ခေါ်ယူခဲ့ပြီး မေလကုန်က ကုမ္ပဏီသုံးခုအား Preferred Bidder အဖြစ် ရွေးချယ်ခဲ့သည်ဟု အထက် ပါဌာနက ထုတ်ပြန် ကြေညာခဲ့သည်။
၎င်းတို့မှာ ခင်မြန်မာကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီနှင့် ဆင်ထရယ် ဧရာဝတီ ကုမ္ပဏီတို့ဖြစ်ပြီး ဝန်ကြီးဌာနက ချမှတ်သည့် အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ဆဲဖြစ်ကြောင်း မန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှုး ဦးသက်နိုင်က ဧရာဝတီကို ပြောသည်။
ရတနာပုံမြို့သစ်စီမံကိန်းကို အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အပိုင်း ၁ နှင့် ၃ (မြေဧက ၇၀၀၀ ခန့်) ကို ပြည်ထောင်စု အစိုးရကလည်းကောင်း၊ အပိုင်း ၂ (မြေဧက ၂ ထောင်ကျော်ခန့်) ကို မန္တလေးတိုင်း အစိုးရကလည်းကောင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေးတိုင်း စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဦးမြတ်သူက ဧရာဝတီကို ပြောသည်။
ဝန်ကြီးဦးမြတ်သူ က “ဒီစီမံကိန်းက ပြည်ထောင်စုကပဲ EOI ခေါ်ပြီး ကုမ္ပဏီတွေရွေးတာ။ တိုင်းအနေနဲ့က ဘာမှမလုပ်ရသေး ပါဘူး။ ပြည်ထောင်စုက လုပ်တယ်ဆိုပေမဲ့ စီမံကိန်းစတဲ့အခါ ကုမ္ပဏီတွေ ဝင်လာပြီ ဆိုရင်တော့ လိုအပ်တာကို တိုင်းအစိုးရက ကြီးကြပ်လုပ်ပေးရုံပါပဲ” ဟု ပြောသည်။
New Mandalay Resort City စီမံကိန်းသည် ပြီးခဲ့သည့် တပ်မတော်အစိုးရ လက်ထက်က ဆက်သွယ်ရေးနှင့် နည်းပညာ ကဏ္ဍတိုးတက်လာရန် ရည်ရွယ်ရာ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအမည်ဖြင့် အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၎င်းဧရိယာတွင် လက်ရှိရတနာပုံတယ်လီပို့အမည်ရှိ နည်းပညာတက္ကသိုလ်အား ဖွင့်လှစ်နိုင်ခဲ့သော်လည်း ကျန်စီမံကိန်းအစိတ်အပိုင်းများမှာ ရပ်ဆိုင်းခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်ဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်။
လက်ရှိအစိုးရလက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံကိန်း ၄ ခုကို အကောင် အထည်ဖော်ရန် လျာထားပြီး ၎င်းတို့မှာ မန္တလေးတိုင်း ပြင်ဦးလွင်ရှိ New Mandalay Resort City၊ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် Eco Green City၊ Korea Myanmar Industry Complex ၊ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် Smart District တို့ဖြစ်ကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။
Source : iMyanmarhouse