ချင်းပြည်နယ်အတွင်းရှိ မြို့သုံးမြို့တွင် အဆင့်မီ စည်ပင်သာယာဈေးသစ်ကြီး သုံးဈေးကို စုစုပေါင်းငွေကျပ်သိန်း ၁၅ဝဝဝအကုန်အကျခံကာ လာမည့် ၂ဝ၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် အပြီးဆောက်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ပြည်နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ရုံးမှ သိရသည်။
ယင်းဈေးသစ်တည်ဆောက်ရာတွင်ဟားခါးမြို့ဈေးသစ်အတွက်ငွေကျပ်သိန်းပေါင်း ၆ဝဝဝ၊မင်းတပ်မြို့ဈေးအတွက် ငွေသိန်းပေါင်း၅ဝဝဝ၊ပလက်ဝမြို့ဈေးအတွက် ငွေကျပ်သိန်း၄ဝဝဝဖြင့် အသုံးပြုပြီး
အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ဈေးဆောက်လုပ်ရန်အတွက် ပြည်နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးရုံးတွင်
ဆိုင်ခန်းပိုင်ရှင်များနှင့်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဈေးဆိုင်ပိုင်ရှင်များမှလည်း ဈေးသစ်ဆောက်လုပ်ရန်သဘောတူညီခဲ့ကြသဖြင့် ထိုကဲ့သို့တည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်ကြောင်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ထုတ်ပြန်ချက်အရ သိရသည်။
ဈေးတည်ဆောက်သောအခါ တင်ဒါဝယ်ယူရရှိသောကုမ္ပဏီမှ ယခုစက်တင်ဘာလအတွင်း စတင်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်တွင် လူဦးရေတိုးပွားလာခြင်းကြောင့်ယခု အသုံးပြုနေသော ဈေးမှာလည်း မညီညွှတ်သောကြောင့်ယခုဈေးသစ်အားတည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း၊
နောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးတိုးတက်လာသောအခြေအနေပေါ်မူတည်ပြီး ဈေးအဆောက်အအုံကိုခေတ်မီ ဈေးဒီဇိုင်းပုံစံနှင့် တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့နိုင်သောအနေအထားမျိုး ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့ ပြည်တော်သာရပ်ကွက်အတွင်းရှိ မြို့မဈေးသည် ဟောင်းနွမ်းနေပြီဖြစ်သဖြင့် အသစ်ပြန်လည်တည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ဆိုင်ခန်းပေါင်း၁ဝဝကျော် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း၊
ဈေးတည်ဆောက်နေစဉ်ကာလအတွင်းရှိ မြို့မဈေးတွင် ရောင်းချနေသည့် ဈေးသည်များကို ဝမ္မသူးမောင်အားကစားကွင်းနံဘေးတွင် ယာယီ ရောင်းချခွင့်ပြုထားမည်ဖြစ်ကြောင်း၊မင်းတပ်မြို့မဈေးကိုလည်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိမြို့နယ်များတွင်ကျယ်ဝန်းသည့်ဈေးမြေနေရာသီးခြားမရှိဘဲကျဉ်းမြောင်းသောဈေးရုံမြေနေရာငယ်များသာရှိပြီး ယခုတည်ဆောက်မည့်ဈေးမှာ ခေတ်မီ ဈေးဒီဇိုင်းပုံစံဖြစ်သည့်အတွက်
နောင်တစ်ချိန်တွင် ယင်းဈေးကို ထပ်မံ တိုးချဲ့ဆောက်လုပ်လိုလျှင် အဆင်ပြေစေနိုင်ရန်စီစဉ်ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Myanmar Alinn