ယခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ် ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် ကုန်သေတ္တာများ ကုန်တင်၊ ကုန်ချပြုလုပ်နိုင်မည့် ခေတ်မီဆိပ်ကမ်း ခြောက်ခု တည်ဆောက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက လျာထားပြီး ပထမဦးဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေလှံဗိုလ် ကျောင်းအနီး ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။
ယင်းဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၅၅ သန်းကျော် အကုန်အကျခံပြီး လာမည့် အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီ တည်ဆောက်မည့် ထိုဆိပ်ကမ်းကို ဂျပန်အစိုးရ၏ Grant Aidအထောက်အပံ့ အစီအစဉ်ဖြင့် ဆောင်ရွက် မည် ဖြစ်သည်။
ဧရာဝတီမြစ်သည် မိုးရာသီ၌ ရေအလွန်များပြီး နွေရာသီတွင် ရေအလွန်နည်းကာ ရေလမ်းကြောင်းများ ပြောင်းလဲမှု မြန်ဆန်လွန်းသည့် အတွက် ဆိပ်ကမ်းတည်ဆောက်ရန် စိန်ခေါ်မှုကြီးမားခဲ့ပြီး ယခုအချိန်ထိ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းမျိုး တစ်ခုမျှမရှိခဲ့ပေ။
သို့သော် ယခု ပထမဆုံးအကြိမ်အဖြစ် JICA နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ရေးဆွဲခဲ့သည့် နှစ်ရှည်စီမံကိန်းဖြစ်သော အမျိုးသား ပို့ဆောင်ရေးပင်မစီမံကိန်း၂ဝ၁၅−၃၅ (National Transport Master Plan ၂ဝ၁၅-၃၅) အရ JICA ဖြင့် ပူးတွဲ၍ လေ့လာ မှုများ ပြုလုပ်ကာ ဧရာဝတီမြစ် ပေါ်တွင် ခေတ်မီဆိပ်ကမ်းလေးခုနှင့် ချင်းတွင်းမြစ်ပေါ်တွင် ဆိပ်ကမ်း နှစ်ခု၊ စုစုပေါင်း ဆိပ်ကမ်းခြောက်ခု တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်သည်။
ဆိပ်ကမ်းခြောက်ခု တည်ဆောက်သွားမည့် နေရာများမှာ ဧရာဝတီမြစ်တွင် ဗန်းမော်၊ မန္တလေး၊ ပခုက္ကူ၊ မကွေးမြို့ တို့တွင်ဖြစ်ပြီး ချင်းတွင်းမြစ်တွင် ကလေးဝနှင့် မုံရွာတို့တွင် ဖြစ်သည်။ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များကို မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်သည်နှင့် တစ်ပြိုင်နက် ကုန်းလမ်း၊ ရေလမ်း ဆက်သွယ်အသုံးပြုနိုင်သော(Multi model Transport) တွင် ပြည်တွင်းဆိပ်ကမ်းများ အသုံးပြုသင့်သည် ဆိုသော ဂျိုက်ကာ၏ လေ့လာချက်အရ နေရာခြောက်ခုတွင် အကြမ်းဖျင်း လျာထားခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ န၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
”ICA ရဲ့ အယူအဆအရရော၊ မဟာဗျူဟာအရပါ စဉ်းစားခဲ့ကြတယ်။ အသေးစိတ် မဟုတ်သေးပေမဲ့ အဲဒီလိုလုပ်သင့်တယ်ဆိုပြီး Logistic အရ စဉ်းစားခဲ့တယ်”ဟု ၎င်းကပြောသည်။ဧရာဝတီမြစ်၏ သဘာဝအခြေအနေသည် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စိန်ခေါ် မှုကြီးမားပြီး နည်းပညာအရပါ မလွယ်ကူသည့်အတွက် ဂျပန်သို့ အကူအညီတောင်းခံခဲ့သည်ဟု ၎င်းကဆိုသည်။
‘ဂျပန်က ပိုက်ဆံချေးမယ်။သူတို့ဆောက်ပေးမယ် ပြောတယ်။ပိုက်ဆံချေးလည်း မလုပ်ရဲသေးဘူး။ ပထမဆုံးတစ်ခုကို အောင်မြင်အောင် Grant Aid ပေးပါလား။ အဲဒီကျရင် နိုင်ငံမှာလည်း ဒီအမြင်တွေ ဖွံ့ဖြိုးတိုးတက်လာပြီး ဆိပ်ကမ်း ဒီလိုဆောက်လို့ရတယ်။ သေချာ တယ်၊ အလုပ် လုပ်လို့ရတယ်လို့ သိရင်တော့ တခြား ဆိပ်ကမ်းတွေကို PPP နဲ့သွားလို့ကောင်းမယ်။ မဟုတ်ရင်တော့ နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ မလုပ်ရဲသေးဘူးဆိုတော့ ပထမဦးဆုံး Grant ကို ပေးတယ်။ မန္တလေးမှာ စဆောက်မှာ”ဟု ဦးဝင်းခန့်က ပြောသည်။
အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရန် ပြင်ဆင်မှုသည် ယခုနောက်ဆုံးအဆင့် ရောက်နေပြီဖြစ်ပြီး ဒီဇိုင်းအတည်ပြုမှု၊ မြေသိမ်းဆည်းမှုများ လုပ်ဆောင်ပြီးပြီ ဖြစ်သည်။တည်ဆောက်မည့် ကုမ္ပဏီ ရွေးချယ်ရန် ဧပြီလအတွင်းက ဂျပန်နိုင်ငံတွင် ကုမ္ပဏီစာရင်း ပြုစုကာ တင်ဒါ ခေါ်ယူမှုများ ပြုလုပ်ထားပြီဖြစ်သည်။
”အဓိက တည်ဆောက်ရတဲ့ အကြောင်းကတော့ ဧရာဝတီမြစ် ရေလမ်းကြောင်းမှာ ကွန်တိန်နာ (Cargo) ကုန်ပစ္စည်း တင်ချနိုင်တဲ့ ဆိပ်ကမ်း မရှိသေးဘူး။ ကွန်တိန်နာ (Cargo) တင်ချနိုင်တဲ့ ဆိပ်ကမ်း ပထမဦးဆုံး ဆောက်တာပေါ့။ ဂျပန်အထောက်အပံ့နဲ့ဆောက်တာ” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက ပြောသည်။
မန္တလေးဆိပ်ကမ်းကို ဂျပန်၏ Grant Aid အစီအစဉ်ဖြင့် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၄၂ သန်းသုံးစွဲ တည်ဆောက်မည် ဖြစ်ပြီး ယင်းပမာဏသည် ကုန်ကျစရိတ်အသေးစိတ်ကို တွက်ချက်ထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
နိုင်ငံတကာအဆင့်မီ မန္တလေးဆိပ်ကမ်း တည်ဆောက်ရာတွင် ဆိပ်ခံတံတား တည်ဆောက်ခြင်းအတွက် အရှည် ၁၈ဝ မီတာရှိပြီးကွန်ကရစ် Jetty၊ ချဉ်းကပ်လမ်းနှင့် ချဉ်းကပ်တံတား၊ ကွန်တိန်နာသိုလှောင်သောနေရာများ အဓိက ပါဝင်မည်ဖြစ်သည်။ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂၁ ခုနှစ် ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းထားသည်။
”မန္တလေးဆိပ်ကမ်းတည်ဆောက်ပြီးရင် ဧရာဝတီမြစ်မှာ ၁၂ ရာသီ Operate လုပ်လို့ ရပါတယ်ဆိုတဲ့ ဒီဇိုင်းသာမှန်ရင် တခြားဆိပ်ကမ်းတွေမှာရင်းနှီးမြှုပ်နှံလို့ရပါတယ်ဆိုတာ လူထုကရော၊ ရင်းနှီးမြှုပ်နှံသူကပါမြင်မှာ” ဟု ဦးဝင်းခန့်က ပြောသည်။မန္တလေးဆိပ်ကမ်း တည်ဆောက်လိုက်ပါက ကွန်တိန်နာ တင်လာသော ပြည်တွင်းရေကြောင်း သဘေင်္ကာြီးများလည်း ဆိုက်ကပ်လာနိုင်မည်ဖြစ်သည့်အပြင် ပထမဦးဆုံး ကုန်းတွင်း ကွန်တိန်နာဆိပ်ကမ်းတစ်ခု ပေါ်ပေါက်လာမည် ဖြစ်သည်။
” မန္တလေးဆိပ်ကမ်း ဆောက်ပြီးရင်တော့ ကျန်တဲ့ ဆိပ်ကမ်းတွေလည်း လေ့လာပြီးတော့ ဆောက်သင့်တဲ့ နေရာတွေမှာ အဆင့်လိုက် ဆောက်သွားမှာ” ဟု ဦးအောင်ရဲထွန်းက ဆိုသည်။ဆိပ်ကမ်းအားလုံး တည်ဆောက်ရန်မှာ ယာယီအနေအထားအရ အသေးစိတ် အစီအစဉ်မရှိသေးသော်လည်း စီမံထားသည့်ထဲတွင် ရှိထားသည်ဟု ဦးဝင်းခန့်က ပြောသည်။
”တိုင်းဒေသကြီးတွေလည်း စိတ်ဝင်စားမှာပဲ။ ဗန်းမော်ကလည်း တရုတ်ပြည်နဲ့ စီးပွားရေးဆက်ဆံမှု အားကောင်းလာလို့ စီးပွားရေး တအား ဖြစ်ထွန်းလာမယ်ဆိုရင် ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်တယ်။ မန္တလေးက ဘာလို့ပိုဖြစ်နိုင်လည်းဆိုတော့ မန္တလေးနဲ့ ကူမင်းရထား လမ်း ပေါ်လာတဲ့အခါကျတော့ အဲဒီမှာ ကွန်တိန်နာတွေ ရောက်လာနိုင်တယ်။ ပခုက္ကူမှာလည်း ကုန်တွေအများကြီးရှိတယ်။ ပြည်တွင်းကနေ တင်မယ့် ကုန်စည်တွေ တစ်ချိန်မှာ ပြည်ပတင်ပို့ရင် အဲဒီမှာ ကွန်တိန်နာတွေနဲ့ တိုက်ရိုက် ပို့နိုင်မယ်ဆိုရင် ပခုက္ကူဆိပ်ကမ်းက အရေးကြီးလာမယ်”ဟု ဦးဝင်းခန့်က ဆိုသည်။
တိုင်းဒေသကြီးအစိုးရက စတင်လုပ်ကိုင်ဆောင်ရွက်မည်ဆိုလျှင် မန္တလေးဆိပ်ကမ်း တည်ဆောက်ပြီးစီးပါက နောက်ထပ် တည်ဆောက်ရန် ပခုက္ကူဆိပ်ကမ်းသည် ဖြစ်နိုင်ခြေ နီးစပ်သည်ဟု ၎င်းကဆိုသည်။မကွေးတိုင်းဒေသကြီး၏ အဓိကဆိပ်ကမ်းကြီး ဖြစ်လာမည့် ပခုက္ကူဆိပ်ကမ်းကို နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းအဖြစ် တည်ဆောက်သွားရန် လျာထားပြီး ပခုက္ကူမြို့၊ အေးကျွန်းရှိ အလျား ၁၈ဝ မီတာပေါ်တွင် အမေရိကန်ဒေါ်လာ၂၅ သန်း အသုံးပြု၍ တည်ဆောက်ရန် ဖြစ်သည်။
”ကျွန်တော်တို့က စိတ်ကူးလေးတော့ရှိတယ်။ ချေးငွေရမရတော့ မသိသေးဘူး။ ချေးမယ်။ မချေးမယ်ဆိုတာလည်း အတိအကျ မသိသေးဘူး”ဟု မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။ပခုက္ကူဆိပ်ကမ်း သည် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ကုန်စည်ဖလှယ်ရာ အဓိကဆိပ်ကမ်းကြီးလည်းဖြစ်ရာ မကွေးတိုင်း အပါအဝင် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊ ချင်းပြည်နယ်တို့မှ ဒေသ ထွက်ကုန်များကို အောက်မြန်မာပြည်ရှိရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှ ထွက်ကုန်များနှင့် အဓိက ဖလှယ်ရာ ဆိပ်ကမ်းဖြစ်လာနိုင်မည် ဖြစ်သည်။
”ပခုက္ကူဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းက အစီအစဉ်ထဲမှာ ရှိနေပေမဲ့ လက်ရှိအနေအထားအရ တအားကြီး အားမပေးသေးဘူး။မသေချာမှုက တစ်အချက်ပေါ့။ နှစ်အချက်က ရေကြောင်းဖွံ့ဖြိုးရေးထိထိရောက်ရောက် လုပ်ဖို့အတွက် အခုထက်ထိ မလုပ်နိုင်သေး ဘူး။၁ဝ လလောက် ၂၄ နာရီသွားလာနိုင်တဲ့ အချိန်၊ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုလည်း အရှိန်ကောင်းလာတဲ့ အချိန်ဆိုရင်တော့ အဲဒီဆိပ်ကမ်းတွေက တကယ်ကို အသုံးတည့်လာမှာပေါ့” ဟုဦးဝင်းခန့်က ပြောသည်။