ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်မည့် ဧရာဝတီမြစ် မန္တလေးဆိပ်ကမ်းလုပ်ငန်းအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်မည်ဖြစ်သောကြောင့် ဆိပ်ကမ်းတည်ဆောက်ရန် သတ်မှတ်ဧရိယာအတွင်း နေအိမ်များဖယ်ရှားပေးရန် အသိပေးစာ ထုတ်ပြန်ထားပြီး မဖယ်ရှားပါက ကျူးရှင်းလင်းရေးအဖွဲ့နှင့် ရှင်းလင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးဆိပ်ကမ်းကို ဧရာဝတီမြစ် အမရပူရမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်ကြား ရွှေလှံဗိုလ်ကျောင်းတိုက်၏ အနောက်ဘက်တွင် တည်ဆောက်မည်ဖြစ်ရာ ယင်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပေးရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အသိပေးစာထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မဖယ်ရှားဘဲ ကျန်ရှိနေသော အိမ်များကို အောက်တိုဘာပထမပတ်အတွင်း ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ကျူးရှင်းလင်းရေးအတွက် အစိုးရအဖွဲ့ ဆီတင်လိုက်တာ ဒီအခုကျလာပြီ။ ၇ ရက်နေ့ကိုလုပ်ဖို့ ဆိုပြီးတော့။ အားလုံးပေါင်း ၂၆ အိမ် လူဦးရေ ၁၂၂ ဦး။ အကုန်လုံးကိုလည်း ကွင်းဆင်းထားပြီးပြီ။ ဖယ်ပေးမယ်ပြောတယ်။ ၂၆ အိမ်မှာ အိမ်ရာစီမံကိန်းကနေဖယ်လို့ ရွှေ့လာတာ ငါးတဲရှိတယ်။ ဆိပ်ကမ်းဧရိယာထဲက ၂၁ တဲရှိမယ်။ မြေယာလျော်ကြေးကို ပြည်ထောင်စုဘတ်ဂျက်မှာ တောင်းထားတာ ဖြစ်တယ်။ သူတို့တွေကို ၃၀ ရက်နေ့မှာ နောက်ဆုံးဖယ်ပေးဖို့ ပြောထားပြီးသားပါ။ စာက ၂၄ ရက်နေ့က ပို့ထားတယ်။ နို့တစ်ပေးထားပြီးသားပါ။ ၇ရက်နေ့က မဖယ်တဲ့သူရှိရင် ရှင်းလင်းသွားမှာပါ။ စုစုပေါင်း သူတို့ကိုအချိန် နှစ်ပတ်ပေးထားတယ်”
ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးက ပြောကြားသည်။
ဆိပ်ကမ်းစီမံကိန်းအတွက် ဆောက်လုပ်မယ့်ဧရိယာတွင် ပါဝင်သည့် မြေပိုင်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကာ မြေယာလျော်ကြေးပေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းအတွက် ဂျပန်နိုင်ငံ၏ Grand Aid အကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ တည်ဆောက်ရေးစီမံကိန်းအတွက် ဂျပန်ယန်း ၆၀၃၃ သန်းရရှိမည့် သဘောတူစာချုပ်ကို ဌာနနှင့် JICA တို့ အောက်တိုဘာ ၃ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကာ မကြာမီ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။