09/26/2019
ရန်ကုန်တိုင်းအစိုးရအဖွဲ့ က လွှတ်တော်သို့ တင်ပြလာသည့် စီမံကိန်း ၁၀၀ ကျော်ကို အ ကောင်အထည်မဖော်ဘဲ မှတ်တမ်းအဖြစ်သာထားရှိရန် ယမန်နေ့က ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေး ကော်မတီအတွင်းရေး မှူး ဦးကျော်ဇေယျက ရန်ကုန်တိုင်းလွှတ်တော်သို့ တင်ပြသည်။
စက်တင်ဘာ ၂၆ ရက်က ပြု လုပ်သည့် တိုင်းလွှတ်တော်တွင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးတင်ပြရာ ကော်မတီက ယင်းကဲ့သို့ တင်ပြဆွေးနွေးခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်းများထဲမှ လှည်းကူးနှင့် ထန်းတပင်တွင် ဆောင်ရွက်မည့် စက်မှုဇုန်စီမံကိန်း နှစ်ခုကိုသာ လွှတ်တော်သို့ အသေးစိတ် တင်ပြထားခြင်း ကြောင့် ကျန်စီမံကိန်းများကို မှတ်တမ်းအဖြစ်သာထားရန် ဦးကျော်ဇေယျက လွှတ်တော်သို့ တင်ပြခဲ့ ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် မည့် ရန်ကုန်မြို့သစ် စီမံကိန်း အပါအဝင် စီမံကိန်း ၈၂ ခုနှင့် လုပ်ငန်းကော်မတီ ခုနစ်ခုမှလျာထားသည့် စီမံကိန်းလုပ်ငန်း ၆၇ ခု စုစုပေါင်း လုပ်ငန်းအမျိုးအစား စီမံကိန်း ၁၄၉ ခုသည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ပါဝင်ကြောင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။
‘‘စီမံကိန်း ၁၄၇ ခုက လွှတ်တော်ကို အသေးစိတ်တင်ပြထားခြင်း မရှိသေးဘူး။ အရင်တုန်းက မှတ်တမ်းအဖြစ် ထားပြီးသား လည်း ပြန်တင်ပြတာ၊ ထပ်ထည့်တာတွေ အများကြီးရှိတယ်။ တချို့ဟာတွေက စီမံကိန်းတွေ မဟုတ်ပါဘူး။ လမ်းပြင်တာတွေ၊ ဈေးပြင်တာတွေ ပါတယ်။ အကုန်ရောနေတာပေါ့’’ ဟု ဦးကျော်ဇေယျက ပြောသည်။