ဒလမြို့နယ်တွင် ငွေကျပ်သိန်း ၇၀၀ ကျော်ကုန်ကျခံ တည်ဆောက်ခဲ့သည့် ရေသန့်စင်စက်ရုံသစ်


01 March, 2020

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ နှစ်စဉ်နွေရာသီကာလအတွင်း ရေရှားပါးမှုမှ ကင်းဝေးစေရေးနှင့် သောက်သုံးရေ ရရှိစေရေးအတွက် မှော်စက်ရပ်ကွက် ပုလဲလမ်းရှိ ရေသန့်စင်စက်ရုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါစက်ရုံကို ဆွီဒင် နိုင်ငံတကာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SIDA) ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် UN-Habitat နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 ယင်းစက်ရုံမှ တစ်နာရီလျှင် ၁ လီတာဘူး ၁၆၀၀ (သို့မဟုတ်) ၂၀ လီတာဘူး ၈၀ ခန့် ထွက်ရှိပြီး စက်ရုံတန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၇၅၅ သိန်းခန့် ကုန်ကျခဲ့ကြောင်းသိရသည်။

 ရေသန့်စက်ရုံမှ ထွက်ရှိသော သောက်သုံးရေသန့်များကို မှော်စက်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ၂၀ လီတာ ရေသန့်တစ်ဘူးလျှင် ၂၀၀ ကျပ်နှုန်း၊ အိမ်တိုင်ရာရောက် ပို့ဆောင်ခိုင်းပါက ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

 ရေသန့်ဖြန့်ဖြူးရောင်းချခြင်းမှ ရရှိသော ရောင်းရငွေများကို ရေသန့်စက်ရုံ လည်ပတ်စေရန်နှင့် ရေရှည်တည်တံ့စေရေးတို့အတွက် လိုအပ်သည့် ထိန်းသိမ်း ဆောင်ရွက်မှုများတွင် သုံးစွဲသွား မည်ဖြစ်ရာ၊ ရပ်ကွက်နေပြည်သူများ ရေရှည် သောက်သုံးရေရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 UN-Habitat ကမ္ဘာ့ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအဖွဲ့မှ ဒလမြို့နယ်အတွင်းရှိ နှစ်စဉ်နွေရာသီ၌ ရေရှားပါးမှု ကြုံတွေ့နေရသည့် မှော်စက်ရပ်ကွက်အား ရွေးချယ်ခဲ့ပြီး ဆွီဒင်နိုင်ငံ နိုင်ငံ တကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ SIDA ၏ လှူဒါန်းငွေဖြင့် ဒေသခံများ သောက်သုံးရေ ရရှိစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 67 times