ကျပ် ၁၄ ဘီလျံရင်းနှီးမြှုပ်နှံမည့် လက်ကားဈေးသစ်ကြီးကို ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်တည်ဆာက်မည်ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားခဲ့သည်။
တည်ဆောက်ရခြင်း ရည်ရွယ်ချက်
*************
ပဲခူးဒေသက ပြည်ပ ရင်းနှီးမြှုပ်နှံမှုအထူးစိတ်ဝင်စားခံရသည့် မြို့တစ်မြို့ဖြစ်ပြီး နောင်အနာဂတ်တွင် ယာဉ်ကြောရှုပ်ထွေးမှု၊လူနေထူထပ်မှု၊ယာဉ်ရပ်နားစခန်းများ လိုအပ်မှု နှင့်အတူ တိုးတက်လာသည့် လူဦးရေအတွက် ဈေးများလိုအပ်လာမည်ဖြစ်သည့်အတွက် အခြေခံလိုအပ်ချက်ကို မျှော်မှန်းပြီး ထိုလက်ကားဈေးကြီးကို တည်ဆောက်မည်ဖြစ်ပါကြောင်း သိရသည်။မြန်မာနိုင်ငံ၏ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော ရန်ကုန်-မန္တလေး၊ရန်ကုန်-မော်လမြိုင်လမ်းတို့သည် ပဲခူးမြို့ကို ဖြတ်သန်းလျက်ရှိသည့်အတွက် အဆိုပါလက်ကားဈေးကို တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
တည်ဆောက်မည့် တည်နေရာ
****************
ပထမဆုံးတည်ဆောက်မည့် ကလိ(တပ်ကလေး)လက်ကားဈေးကို Grand Style Co.,Ltd မှ တည်ဆောက်မည်ဖြစ်ပြီး ပဲခူးမြို့နယ် ကလိ(တပ်ကလေး) ကျေးရွာအုပ်စု၊ကလိ(တပ်ကလေး)ကျေးရွာရှိ မြေဧက ၁၅ ဒသမ ၁၃ ဧက ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။
ပါဝင်မည့် အဆောက်အအုံများ
****************
နိုင်ငံတကာအဆင့်မီ လက်ကားဈေး (Whole Sale Center)နှစ်ထပ်အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး စားသောက်ဆိုင်၊ဟိုတယ်များ၊Express Gate များ၊ယာဉ်ရပ်နားစခန်းငယ်များ၊ဘဏ်ခွဲရုံးများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရရှိလာမည့် အကျိုးကျေးဇူးများ
***************
အဆိုပါ လက်ကားဈေးတည်ဆောက်ပြီးပါက မြဝတီ၊မန္တလေး၊ရန်ကုန်စသည့် တို့မှ ကုန်ကားကြီးများကို ပဲခူးမြို့သို့ဖြတ်သန်းဝင်ရောက်ခွင့်မပြုတော့ဘဲ ကလိလက်ကားဈေးမှ တစ်ဆင့် ပဲခူးမြို့၊သနပ်ပင်၊ကဝမြို့ များသို့ သတ်မှတ်ကားငယ်များဖြင့် ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ကလိ လက်ကားဈေးသည် ၂၄ နာရီပတ်လုံး ဖွင့်လှစ်မည်ဖြစ်၍ ပတ်ဝန်းကျင် ကျေးရွာများမှ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထပ်မံတည်ဆောက်ရန်လျာထား
****************
ထပ်မံ၍လည်း ပဲခူးမြို့တွင်းရှိ ဈေးများအဆင့်မြှင့်တင်ခြင်း၊ခရိုင်မြို့များတွင် ဈေးများ၊အိမ်ရာများ ထပ်မံတည်ဆောက်ရန် လျာထားလျက် ရှိကြောင်း သိရသည်။