ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများ သွားလာရေးအဆင်ပြေလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ငဝန်တံတား(လေးမျက်နှာ) တည်ဆောက်မှု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ငဝန်တံတား(လေးမျက်နှာ)အား ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတခရိုင် လေးမျက်နှာ-ခတ္တူ-ပန်းတောကြီးလမ်းပေါ်၌ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ငွေကျပ် ၁၁ ဒသမ ၄၅ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားသစ်တည်ဆောက်ရေးလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၆)မှ ကျွမ်းကျင်အင်ဂျင်နီယာ ၂၀ နှင့် ကာယဉာဏလုပ်သား ၂၀၀ ကျော်တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး တံတားအထူးအဖွဲ့(၁၆)၏ စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်သစ်သစ်အောင်က ပြောကြားသည်။
တံတားသစ်၏ကိုယ်ထည်မှာ RC ကွန်ကရစ်အမျိုးအစားဖြစ်ပြီး အောက်ခံဖောင်ဒေးရှင်း ၁ ဒသမ ၂ မီတာ၊ ဒိုင်ယာမီတာဘိုးပိုင် အမျိုးအစားဖြစ်သည်။ တံတားအရှည် မီတာ ၆၀၀ ရှိပြီး ပင်မတံတားအား Steel Box Girder 4 Span Continuous နှင့် R.C Slab ဖြင့် တည်ဆောက်ထား၍ မီတာ ၂၄၀ အရှည်ရှိကြောင်း သိရသည်။
လေးမျက်နှာဘက်ခြမ်းရှိ ချဉ်းကပ်တံတားအရှည်မှာ မီတာ ၁၇၀ ရှိပြီး ပန်းတောကြီးဘက်ကမ်းရှိ ချဉ်းကပ်တံတားမှာ မီတာ ၁၉၀ ရှိကြောင်း သိရသည်။ ယာဉ်သွားလမ်း အသွားအပြန်ပါဝင်ပြီး အကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွားဖြစ်သည်။ ရေလမ်းကင်းလွတ်ခွင့်အမြင့် ၆ ဒသမ ၁ မီတာ၊ အကျယ် ၅၃ မီတာ ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ရှိသည်။
ကားလမ်းဘေး တစ်ဖက်လ ျှင် ၃ ပေ ၆ လက်မ အကျယ်ရှိ လူသွားလမ်းပလက်ဖောင်း အသွား/အပြန် ပါရှိကြောင်းနှင့် ငဝန်တံတား(လေးမျက်နှာ)၏ ချဉ်းကပ်လမ်းကို ငွေကျပ် ၁၁၄၅ ဒသမ ၆၈ သန်း ကုန်ကျခံတည်ဆောက်ထားကြောင်း တံတားအထူးအဖွဲ့ (၁၆)မှ သိရသည်။
တံတားဖောင်ဒေးရှင်းတူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် စတင်ခဲ့သည်။ ငဝန်မြစ်၏ အနောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၁၄ စုမှ ဒေသခံများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများအဆင်ပြေစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ကာ ပြည်သူများ အပါအဝင် ယာဉ်များကို ယာယီဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုအခါ လေးမျက်နှာအနောက်ဘက်ကမ်းရှိ ခတ္တူရွာတွင် တံတားထိုး တည်ဆောက်လိုက်ခြင်းကြောင့် ဝန်ထမ်းများအပါအဝင် မြစ်၏အနောက်ဘက်ခြမ်းရှိ ဒေသခံများအနေဖြင့် တံတားသစ်ချဉ်းကပ်လမ်းနေရာရှိ ခတ္တူရွာမှတစ်ဆင့် ခတ္တူ-ပန်းတောကြီးလမ်း ခုနှစ်မိုင်တစ်လေ ျှာက် ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်သည်။ ထိုမှတစ်ဆင့် ပုသိမ်-မုံရွာလမ်းသို့ ရောက်ရှိမည်ဖြစ်ကာ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့သို့ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သည်။
ကုန်စည်စီးဆင်းမှုများလည်း ပိုမိုလွယ်ကူ မြန်ဆန်လာစေမည်ဖြစ်သည်။ တံတားသစ်မှ ဖြတ်သန်း၍ လေးမျက်နှာမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် မိုင် ၂၀ ဆက်သွားပါက ဟင်္သာတမြို့သို့ရောက်ရှိကာ ရန်ကုန်မြို့သို့ ကုန်ပစ္စည်းများအလွယ်တကူ တင်ပို့နိုင်ပြီဖြစ်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးလာနိုင်ကြောင်း သိရသည်။
Source: ကြေးမုံ