ဂျပန် နိပွန်ဖောင်ဒေးရှင်း မှ ပဋိပက္ခဒဏ်သင့်ပြည်သူများ အတွက် နေအိမ်အလုံး ၁ဝဝ ထပ်မံတည်ဆောက်


23 September, 2019

ဂျပန်နိပွန်ဖောင်ဒေးရှင်းမှ မြဝတီလေးကေ့ကော်ကျေးရွာတွင် ပဋိပက္ခဒဏ်သင့်ရှောင်ပြည်သူများအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယအဆင့်လုပ်ငန်းဆောင်ရွက်ချက်၏ တစိတ်တပိုင်းအဖြစ် နေအိမ်အလုံး ၁ဝဝ တည်ဆောက်ပြီးစီးကြောင်း သတင်းရရှိသည်။

နိပွန်ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ကူညီဆောင်ရွက်သည့် အနေဖြင့် ၂ဝ၁၂ ခုနှစ်မှစတင်၍ ဂျပန်အစိုးရ၊ မြန်မာအစိုးရ၊ သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲ၍ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကျေးရွာတွင် ပထမအကြိမ် နှင့် ဒုတိယအကြိမ် စုစုပေါင်းနေအိမ်အလုံး ၂ဝဝ တည်ဆောက်ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

ပထမအကြိမ်လုပ်ငန်းဖော်ဆောင်မှု ကို ၂ဝ၁၆ ခုနှစ် မတ်လမှ ၂ဝ၁၈ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပဋိပက္ခဒဏ်သင့်ပြည်သူ ၆ဝဝဝဦးအတွက် စုစုပေါင်းနေအိမ် ၁၂၅ဝ လုံး၊ ကျောင်း ၇ ကျောင်း၊ ဆေးခန်း ၃ ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၁ ခု၊ တံတား ၁ စင်းနှင့် ရေတွင်း ၅ တွင်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဒေါ်လာ ၁၁ သန်း အကုန်အကျခံတည်ဆောက်ပေးခဲ့သည်။

ဒုတိယအကြိမ်လုပ်ငန်းဆောင်ရွက်မှုကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာအထိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင်ပဋိပက္ခဒဏ်သင့်ပြည်သူ ၁ဝဝဝဝ အတွက် စုစုပေါင်းနေအိမ် ၁၆၅ဝ လုံး၊ ကျောင်း ၂၇ ကျောင်း၊ ကျန်းမာရေးစင်တာ ၇ ခုနှင့် ရေတွင်း ၂၈ တွင်းကို အလားတူဂျပန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ရန်ပုံငွေထောက်ပံ့မှုဖြင့် ဒေါ်လာ ၂၅ သန်းအကုန်အကျခံတည်ဆောက်ပေးခဲ့သည်။

နိပွန်ဖောင်ဒေးရှင်းအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့ အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရေး၊ တွေ့ဆုံဆွေးနွေးမှုများတွင်လည်း ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ပြီး တတိယအကြိမ်လုပ်ငန်းဆောင်ရွက်ချက်အဖြစ် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ယခုနှစ် အောက်တိုဘာလမှစတင်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေါ်လာ ၂၅ သန်းအကုန်အကျခံ၍ ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။

လေးကေ့ကော်ရွာသည် ပဋိပက္ခဒဏ်သင့်ဧရိယာအတွင်းတွင်တည်ရှိပြီး ယနေ့အချိန်အထိ အကန့်အသတ်ဖြင့်သာ ဝင်ထွက်သွားလာခွင့်ပြုထားသည့်နေရာဖြစ်သည်။ လေးကေ့ကော်ကျေးရွာတွင် နေအိမ်အလုံး ၁ဝဝ တည်ဆောက်ပြီးစီးမှု အခမ်းအနားကို လာမည့် နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။

Local Read 45 times