မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေသစ်အရ ကုမ္ပဏီဆိုင်ရာမှတ်ပုံတင်ခြင်းကိစ္စရပ်များကို အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် (MyCO) ဖြင့် ဆောင်ရွက်နေပြီဖြစ်ခြင်းကြောင့် ယခင်က လုပ်ငန်းဆောင်ရွက်ရာတွင် ကုမ္ပဏီများကဝန်ကြီးဌာနနှင့် ဘဏ်များသို့ ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းများကို တင်ပြရသည့်စနစ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အီလက်ထရွန်နစ် ကုမ္ပဏီမှတ်ပုံတင်သည့်စနစ်တွင် ကုမ္ပဏီများကို အီလက်ထရွန်နစ် မှတ်ပုံတင်လက်မှတ်တစ်ခုတည်းသာ ထုတ်ပေးမည်ဖြစ်ပြီး အခြား မည်သည့်သက်သေခံလက်မှတ် အထောက်အထားမျှ ထုတ်ပေးမည်မဟုတ်ဘဲ အီလက်ရွန်နစ်မှတ်ပုံတင်ကိုသာ အထောက်အထားပြု၍ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရင်ကလို လုပ်ငန်းဆောင်ရွက်ဖို့အတွက် စာရွက်စာတမ်းအများကြီး တင်ပြစရာလိုတော့ဘူး။ ဝန်ကြီးဌာနတွေကလည်း ဒီကုမ္ပဏီနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေအားလုံးကို MyCO ကနေ သိနိုင်မယ်” ဟု ၎င်းက ရှင်းပြသည်။
ယခင်ဥပဒေအဟောင်းအရ ကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဘဏ်များကို ဒါရိုက်တာအဖွဲ့ဝင်စာရင်း (ပုံစံ-၂၆)၊ အစုရှယ်ယာခွဲဝေမှု (ပုံစံ-၆)၊ နှစ်စဉ်အစီ အရင်ခံစာ (ပုံစံ-င) များအပါအဝင် အခြားအချက်အလက်များကို တင်ပြရသည့်ပုံစံ အဟောင်းကို ကျင့်သုံးတော့မည်မဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
အဆိုပါပြောင်းလဲမှုများအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ ကုမ္ပဏီများ၏ အချက်အလက်များကို MyCO မှ ရယူဆောင်ရွက်နိုင်ရန် အတွက် User ID နှင့် Password များကို ပေးပို့ပေးထားပြီဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။