OBOR တွင်မြန်မာနိုင်ငံသည် စိန်ခေါ်မှုများ၊အခွင့်အလမ်းများပေါင်းစုံပါဝင်နေ


05 December, 2020

တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်နေသော မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအကျိုးရှအောင် အသုံးချနိုင်ရမည့်အပြင် ရသင့်ရထိုက်သောအခွင့်အရေးများကို အသေအချာတောင်းဆိုကြရမည်ဟု နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုကြသည်။

          နိုင်ငံပေါင်း ၆ဝ ကျော် ကူးလူးချိတ်ဆက်မည့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟုခေါ်သော ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ကြောင်း (OBOR) စီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်သော တရုတ်−မြန်မာ စီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ တရုတ်ပြည်ခရီးစဉ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်က ရေးထိုးခဲ့သည်။

          ''အရင်တုန်းက ဆွေးနွေးညှိနှိုင်းထားတဲ့အပေါ် မူတည်ပြီး ကျွန်တော်တို့က ထိုးခဲ့တာ။ အားလုံးခြုံငုံပါဝင်တဲ့ သဘောတူစာချုပ်အနေနဲ့ MoU ရေးထိုး ပူးပေါင်းဆောင်ရွက်ပါမယ်လို့ပဲပြောခဲ့တယ်။ တစ်ခုချင်းစီကို သက်ဆိုင်ရာ တရုတ်မှာရှိတဲ့ ဝန်ကြီးဌာနနဲ့ ဒီမှာရှိတဲ့ ဝန်ကြီးဌာနနဲ့ အသေးစိတ်ဆွေးနွေးပြီးတော့မှ နောက်ထပ်ဆောင်ရွက်သွားကြမှာ''ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။တရုတ်သမ္မတရှီကျင့်ဖျင်၏ အိုဘီအိုအာရ်စီမံကိန်းက အာရှဒေသတွင်း နိုင်ငံများနှင့် ယူရေးရှားဒေသနိုင်ငံများ ပူးပေါင်းချိတ်ဆက်ပါဝင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ရည်ရွယ်ထားသည်။ စီမံကိန်းတွင် နိုင်ငံများစွာကို ချိတ်ဆက်ထားသော အဓိက ကုန်းတွင်းစီးပွားရေးစကြøလမ်းကြောင်းခြောက်ခုနှင့် ရေလမ်းကုန်သွယ်မှုလမ်းကြောင်းကြီးတစ်ခု ပါဝင်သည်။

          အိုဘီအိုအာရ် စီမံကိန်း၏ အဓိက စီးပွားရေး စင်္ကြံလမ်းခြောက်ခုအတွင်း ပါဝင်သည့် ဘင်္ဂလားဒေ့ရှ့်“တရုတ်−အိန္ဒိယ−မြန်မာ စင်္ကြံလမ်းနှင့် တရုတ် - အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံလမ်းကြောင်းများတွင် မြန်မာနိုင်ငံက ပါဝင် ပတ်သက်လျက်ရှိသည်။တရုတ်−မြန်မာစီးပွားရေးစင်္ကြံသည် အိုဘီအိုအာရ် စီမံကိန်းအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်စပ်မှ မြန်မာနိုင်ငံရှိ မန္တလေး−ကျောက်ဖြူလမ်းသို့ ဖြတ်သန်းမည့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းအပြင် မန္တလေး−ရန်ကုန်− မော်လမြိုင်လမ်းကြောင်းလည်း ပါဝင်လာသည်။ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ တရုတ်ခရီးစဉ်အတွင်း စီမံကိန်းနှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာရေးထိုးခဲ့ခြင်းမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုများ မြန်မြန်လာရန်နှင့် ငြိမ်းချမ်းရေးကိစ္စတွင် တရုတ်အကူအညီနှင့် တိုက်တွန်းပေးမှုများစွာ လိုအပ်သည့်အချိန် ဖြစ်သည့်အတွက် အလျင်အမြန် အကောင်အထည်ဖော်ရန် လက်မှတ်ရေးထိုးလိုက်ခြင်းသာဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ဆိုသည်။

''တရုတ်နဲ့က အစဉ်အလာ ဆက်ဆံတာရှိတယ်။ ရခိုင်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စမှာလည်း တရုတ်အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်။ တရုတ်က အတိုးတက်ဆုံးနိုင်ငံဖြစ်နေတော့ သူတို့တိုးတက်မှုတွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် နှစ်ဖက်မျှတစွာ အကျိုးရှိမယ်ဆိုတာ လက်ခံထားတာရှိတယ်။ တရုတ်တိုးတက်မှုကို မျှဝေခံစားမှာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ဆိုသည်။လက်ရှိ ဘင်္ဂါလီပြဿနာကြောင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ အကူအညီပေးမှုများ အဟန့်ဖြစ်နေသောအချိန်တွင် တရုတ်သည် မြန်မာနိုင်ငံအတွက် အားကိုးစရာဖြစ်လာပြီး တတ်နိုင်သလောက် မိမိနိုင်ငံအတွက် အကျိုးရှိအောင်လုပ်ဆောင်ရမည်ဟု နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူများက ဆိုသည်။ပေကျင်း၌ ရေးထိုးခဲ့သည့် နှစ်နိုင်ငံစီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် အခြေခံအဆောက်အအုံတည်ဆောက်ခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်သဘာဝ အရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစသည့် ကဏ္ဍကြီး ၁၅ ခုတွင် ပူးပေါင်းဆောင်ရွက်ရန် ပါဝင်သည်။

          စီမံကိန်းတစ်လျှောက် ဆိပ်ကမ်း၊ လမ်း၊ တံတား၊ လျှပ်စစ်၊ ဖွံ့ဖြိုးရေးဇုန်များ ပါဝင်မည်ဖြစ်ပြီး တရုတ်မှ ချေးငွေယူရမည့် အနေအထားဖြစ်သော်လည်း စီမံကိန်းများကို နိုင်ငံတကာတင်ဒါခေါ်ယူသည့်နည်းဖြင့် လုပ်ဆောင်မည်ဖြစ်ရာ တရုတ်နိုင်ငံအပြင် ဂျပန်၊ ထိုင်း၊ ဟောင်ကောင်၊ ကိုရီးယားတို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည့်အတွက် မျှတစွာဖြင့်ပါဝင်စေပြီး ပွင့်လင်းမြင်သာစွာ လက်ခံသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်က ဆိုသည်။တရုတ်−မြန်မာစီးပွားရေးစင်္ကြံလမ်းတွင် ချိတ်ဆက်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် စက်မှုဇုန်လုပ်ပါက တရုတ်ကုမ္ပဏီအများစုသာ ရင်းနှီးမြှုပ်နှံ၍ ကုန်ထုတ်လုပ်ကာ အိန္ဒိယသမုဒ္ဒရာဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကဈေးကွက်များသို့ ခြေဆန့်နိုင်မည်ဖြစ်ရာ တရုတ်အကျိုးအမြတ် များစွာရှိမည်ဖြစ်သည်။

          နှစ်နိုင်ငံစီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် အခြေခံအဆောက်အအုံတည်ဆောက်ခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ...

''တရုတ်ပိုပြီး အကျိုးအမြတ်ရှိမှာ သေချာသလောက်ဖြစ်တယ်။ တရုတ်ဘက်က ကျွန်တော်တို့ အင်ဒိုနီးရှားမှာတော့ ဒီလိုလုပ်တာပဲ။ ဒီအချိုးပေးတာပဲ။ မလေးရှားမှာ ဒီအချိုးပဲ ပေးတာပဲဆိုပြီးလုပ်ရင် တိုက်ရိုက်ဆက်နေတဲ့အတွက် ခင်ဗျားတို့ အကျိုးရှိမှာ သေချာတယ်။ ကျုပ်တို့က ဒီလောက်ကြီးရှိမှာမဟုတ်ဘူး။ သူများထည့်သလောက် ထည့်ရမယ်။ သူများပေးသလောက်ပေးရမယ် ဆိုတာမျိုးမလုပ်နဲ့ဆိုတာ ကျွန်တော်တို့ဘက်က ပြောရမယ်။ ကျွန်တော်တို့ကတော့ ကုန်ကျစရိတ်ကို ကိုယ်ချည်းပဲစိုက်ဖို့ မလိုဘူး၊တောင်းတတ်ရမယ်''ဟု ဦးရဲထွန်းက ဆိုသည်။

          သီရိလင်္ကာနိုင်ငံတွင် သမ္ပတဟောင်းက ဆိပ်ကမ်းဆောက်လုပ်ခဲ့ခြင်းကြောင့် အကြွေးတင်ကာ အတိုးမဆပ်နိုင်ဘဲ တရုတ်ထံ ၉၉ နှစ်အငှားစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ရကြောင်း၊ မြန်မာ့ရေနက်ဆိပ်ကမ်းများသည် တရုတ်အတွက်လည်း အကျိုးအမြတ်ရှိမည်ဖြစ်၍ မြေနှင့် အခြားစိုက်ထုတ်ရမှုများအတွက် ရာခိုင်နှုန်းကို အခြားနိုင်ငံများထက် ပိုတောင်းတတ်ရမည်ဟု ၎င်းက ဆိုသည်။အိုဘီအိုအာရ်တွင် မြန်မာနိုင်ငံအတွက်လည်း အခွင့်အရေးများရှိမည် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများလာမည်ဖြစ်ကာ စိုက်ပျိုးရေးထုတ်ကုန်များ အလွယ်တကူ တရုတ်ဈေးကွက်သို့ ရောက်ရှိခြင်းနှင့် ခရီးသွားကဏ္ဍလည်း တိုးတက်လာနိုင်ကြောင်း ဦးရဲထွန်းက ဆိုသည်။

          စီးပွားရေးစင်္ကြံစီမံကိန်းထဲတွင် တရုတ်ပြည်နှင့် ဆက်သွယ်သည့် အမြန်လမ်းမကြီး ရထားလမ်း၊ ကားလမ်းများ ဖောက်လုပ်မည် ဖြစ်ရာ နိုင်ငံတကာ ကုန်သွယ်ရေးအတွက် အချိန်တိုတိုအတွင်း ကုန်ပစ္စည်းရောက်နိုင်ခြင်းတို့က စီးပွားရေးကဏ္ဍကို တိုးတက်အောင် တွန်းအားဖြစ်လာစေမည်ဟု ဦးဇော်ဖေဝင်းက သုံးသပ်သည်။''အကျိုးအမြတ်ရှိမှာပါ။ အချိန်တော့ ကြာပါလိမ့်မယ်။ ဘယ်တော့ အကျိုးအမြတ်ပြန်ပေါ်မလဲဆိုတာတော့ သေသေချာချာ မပြောနိုင်ပါဘူး။ မြန်ခြင်း၊ နှေးခြင်းက တရုတ်နဲ့ကျန်တဲ့ နိုင်ငံတွေရဲ့ကုန်သွယ်မှု တိုးတက်လာတဲ့ အခြေအနေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်''ဟု ၎င်းက ဆိုသည်။

          အိုဘီအိုအာရ်စီမံကိန်းအတွက် လိုအပ်သော အခြေခံအဆောက်အအုံ အရင်းအနှီးကို တရုတ်ဦးဆောင်သည့် ငွေကြေးအဖွဲ့အစည်းများက ချေးယူမှုများ ရှိသော်လည်း တရုတ်ချေးငွေများသည် အခြားချေးငွေများထက် အတိုးနှုန်းမြင့်ခြင်းကို စဉ်းစားရမည်ဟု နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်သူများက ဆိုသည်။စီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ပြောဆိုမှုများအရဆိုလျှင် လက်ရှိတွင် နှစ်ဖက်အစိုးရအကြား ပူးပေါင်းဆောင်ရွက်ရန် ကနဦးအတည်ပြုခြင်း သဘောသာရှိနေသေးပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များမှာ နှစ်ဖက် အသေးစိတ် ဆွေးနွေးလုပ်ဆောင်ကြရမည့်အခြေအနေပင် ရှိသေးသည်။ဦးစားပေး အကောင်အထည်ဖော်ကြမည့် စီမံကိန်းများကို နှစ်ဖက်အသေးစိတ် တွေ့ဆုံဆွေးနွေးချိန်တွင် အဆင်သင့်ဖြစ်ရန် မြန်မာဘက်က ဝန်ကြီးဌာနအလိုက် ရေးဆွဲပြုစုနေကြသည်။

             မြန်မာနိုင်ငံတွင် လုပ်ဆောင်ရမည့် စီမံကိန်းများအနက် ပြည်တွင်းလေဆိပ်များဖြစ်သည့် ဟဲဟိုး၊ မကွေး၊ ပခုက္ကူလေဆိပ်များကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်သွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းက ၎င်းတာဝန်ယူစဉ်အချိန်အတွင်း ပြောကြားခဲ့ဖူးသည်။တစ်ဖက်ကလည်း စီမံကိန်းတွင် တစ်စိတ်တစ်ဒေသပါဝင်ရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ လင်ချမ်းအုပ်ချုပ်ရေးဒေသအစိုးရက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ အဆိုပြု တင်ပြမှုများရှိခဲ့သည်။

          ယင်းထဲတွင် ကွမ်းလုံတံတား ဆောက်လုပ်ရေး၊ ချင်းရွှေဟော်မှ လားရှိုးအထိ အမြန်လမ်းနှင့် ရထားလမ်းဆောက်လုပ်ရေး စီမံကိန်း၊ ချင်းရွှေဟော်နယ်စပ်ဂိတ်အား နိုင်ငံတကာပြည်ဝင်၊ ပြည်ထွက်ဂိတ်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ရန်၊ ကုန်သွယ်မှု၊ ခရီးသွားနှင့် လူမှုဖလှယ်ရေးကဏ္ဍတွင် တရုတ်ဘက်ရှိ လင်ချမ်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် မြန်မာဘက်ခြမ်းရှိ ချင်းရွှေဟော် အထူးစီးပွားရေးဇုန်တို့အား တရုတ်−မြန်မာစီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွင် ထည့်သွင်းရန်၊ လင်ချမ်းမြို့နှင့် မြန်မာဘက် ကိုးကန့်မှ လားရှိုးတစ်လျှောက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကို တစ်ဆင့်မြှင့်တင်ပေးရန်နှင့် နယ်နိမိတ်ဖြတ်ကျော် လယ်ယာစီးပွားရေးဇုန်ကို ထူထောင်ရန်အတွက် စူးစမ်းလေ့လာမှုများ ပြုလုပ်ရန်အချက်များ ဖြစ်သည်။

          ခရီးသွားကဏ္ဍတွင်လည်း လင်ချမ်းမှ မြန်မာဘက် လားရှိုးအထိ နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းနှင့် ဘေးပတ်လည် ခရီးသွားလုပ်ငန်းပူး ပေါင်းဆောင်ရွက်ရေးကိုလည်း ထောက်ခံကူညီအားပေးရန်အပြင် လင်ချမ်းမြို့နှင့် လားရှိုးမြို့တို့အကြား ညီအစ်မ ချစ်ကြည်ရေးမြို့ ထူထောင်မှုဆိုင်ရာ သဘောတူညီချက်ကို ၂ဝ၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးရန်အတွက် အလျင်အမြန် အတည်ပြုပေးရန် စသည့်အချက်များပါဝင်သည်။လင်ချမ်းဒေသအစိုးရက တင်ပြထားသည့် အဆိုပြုတင်ပြချက်များသည် ၎င်းတို့၏ သဘောထားတင်ပြချက်သာဖြစ်ပြီး ယင်းတို့ကို မိမိတို့ဘက်မှ အတည်ပြုခြင်းမရှိသေးကြောင်း ဦးသန်းမြင့်က ဆိုသည်။''နှစ်နိုင်ငံ အပြန်အလှန်အကျိုးဖြစ်ထွန်းမယ့် လုပ်ငန်းတွေပါလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတော် အစိုးရတွေရဲ့ ရေရှည်မျှော်တွေးမှုအပေါ် မူတည်တယ်။ ဒါကြောင့်မို့ လက်ရှိအစိုးရကလည်း ချိန်ဆသုံးသပ်ပြီး ဆက်လုပ်မယ်လို့ မျှော်လင့်ပါတယ်''ဟု မြန်မာ အိုဘီအိုအာရ်ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဌ ဦးတင်ဦးက ပြောသည်။

          အိုဘီအိုအာရ် စီမံကိန်းတွင် မြန်မာနိုင်ငံသည် မရေရာမူများ၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများနှင့် ပေါင်းစုံပါဝင်နေသည်။ စီမံကိန်း၌ မြန်မာပါဝင်မှုသည် မိမိနိုင်ငံက ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆိုရယူနိုင်ရန် လိုအပ်သကဲ့သို့ ထိုသို့ ရရှိရေးမှာလည်း အစိုးရ၏စွမ်းဆောင်ရည် ကြိုးစားအားထုတ်မှု၊ မူဝါဒများအပေါ်တွင် မူတည်လျက်ရှိသည်။

How To Read 199 times