ရန်ကုန်မြို့ကလူနေထိုင်ဖို့မသင့်တော်တဲ့ သက်တမ်းရင့် ကန်ထရိုက်တိုက်တွေရဲ့ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောနဲ့ နီးစပ်နေတဲ့ ရန်ကုန်မြို့ဟာ အချိန်မရွေးငလျင်အန္တရာယ်ရင်ဆိုင်ရနိုင်တာကြောင့် အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှုဟာ အရေးကြီးတယ်လို့ ဝန်ကြီးချုပ်က ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်းရေးနှင့် တုံ့ပြန်ရေးစီမံချက် မိတ်ဆက်တဲ့အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
သက်တမ်းရင့် ကန်ထရိုက်တိုက်တွေကို ပြန်လည်စစ်ဆေးပြီး ပြင်ဆင်နိုင်ဖို့အတွက် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့အကူအညီတွေရရှိဖို့ မျှော်လင့်ထားတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ကနဦးစမ်းသပ်မှုအနေနဲ့ တာမွေမြို့နယ်မှာ ၁၉၈၈ ဝန်းကျင်က တည်ဆောက်ခဲ့တဲ့ အထပ်မြင့်ကန်ထရိုက်တိုက်ခန်းတွေကို စစ်ဆေးမယ်လို့ သိရပါတယ်။ သက်တမ်းရင့် ကန်ထရိုက်တိုက်ခန်းတွေ ပြန်လည်စစ်ဆေးအဆင့်မြှင့်တင်မယ့်အပေါ် ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့ကတော့ ထင်သလောက်မလွယ်ကူနိုင်ဘူးလို့ ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ရန်ကုန်မှာ အထပ်မြင့်တိုက်တာတွေကို စစ်ဆေးခဲ့ဖူးတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။
ရန်ကုန်မြို့နေသူ လူဦးရေထဲက ထက်ဝက်နီးပါးကတော့ ဘယ်လောက်အထိ နေထိုင်ဖို့ စိတ်ချရကြောင်း အာမခံချက် မရှိတဲ့ တိုက်ခန်းတွေမှာ နေထိုင်နေရတာပါ။