တံတားသစ်ပြီးစီးပါက ရထားလမ်းသီးသန့်သာ အသုံးပြုတော့မည့် ဆင်တဲဝတံတားဟောင်း


10 December, 2019

  မြင်းခြံခရိုင် တောင်သာမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းတွင် တည်ရှိသော ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် ဆင်တဲဝချောင်းကိုဖြတ်သန်းရန် တည်ဆောက်နေသည့် ဆင်တဲဝတံတား တည်ဆောက်မှုမှာ ယခုနှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊

တံတားဦးစီးဌာနမှ သိရသည်။

  လက်ရှိအသုံးပြုနေသော ဆင်တဲဝတံတားမှာ ရထားနှင့်ကားအသုံးပြုနေရပြီး မီးရထားဌာနက တည်ဆောက်ခဲ့သော တစ်လမ်းသွား သံကူကွန်ကရစ် မီးရထားတံတားဖြစ်သောကြောင့် မီးရထားဖြတ်သန်းချိန်တွင် ကားများ ဖြတ်သန်းနိုင်ခြင်းမရှိဘဲ ညောင်ဦးဘက်မှလာသည့် ကားများမှာလည်း မြင်းခြံဘက်မှ ကားများဖြတ် သန်းနေချိန်တွင် တစ်ဖက်ခြမ်း၌ စောင့်ဆိုင်းနေရခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ရှိကြောင်း သိရသည်။

 "တံတားကို ၂၀၁၇-၁၈ ကစပြီး ဆောက်ခဲ့တာ။ လောလောဆယ်မှာတော့ ၇၅ ရာခိုင်နှုန်းပြီးပြီ။ ဒီနှစ်ထဲမှာပဲ အပြီးတည်ဆောက်သွားဖို့ ဆောင်ရွက်နေတယ်။ လက်ရှိလမ်းပန်းဆက်သွယ်ရေး အခြေအနေကတော့ ရထားသွားရင် ကားသွားလို့မရဘူး။ ကားတွေကလည်း တစ်ဖက်နဲ့တစ်ဖက်စောင့်ဆိုင်း ရတာရှိတာကြောင့် တံတားပြီးသွားရင်တော့ အချိန်ကုန်တာတွေ မရှိတော့ဘူး။ နှစ်ဖက် တစ်ပြိုင်တည်းသွားလာနိုင်မယ်" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၂)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

        ဆင်တဲဝတံတားကို ပြည်ထောင်စုရန်ပုံငွေ ကျပ် သန်း ၃၀၀၀ ခန့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအမျိုးအစားဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသော တံတားမှာ မြန်မာ့မီးရထားကတည်ဆောက်ထားခြင်းဖြစ်ပြီး တံတားသစ်ပြီးစီးပါက တံတား ဟောင်းကို ရထားလမ်းသီးသန့်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ တံတားသစ်တွင်မူ ကားလမ်းသာ ပါရှိမည်ဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 104 times