ခေတ်အဆက်ဆက်က ဆက်သွယ်ရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့သော ရန်ကုန်မြို့ရှိ ဗဟိုစာတိုက်ကြီးသည်
ရန်ကုန်မြို့တော်ကြီးရဲ့ အထင်တရ အဆောက်အအုံများထဲမှာ တစ်ခု အပါအဝင်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။
ကြက်သွေးရင့်ရောင်နှင့် နို့နှစ်ရောင် ပေါင်းစပ်ခြယ်သဆင်ယင် ထားသည့် ရန်ကုန်မြို့လယ်က ဗဟိုစာတိုက်ကြီးမှာ ယနေ့တိုင်အသုံးပြုနေဆဲဖြစ်သော ဗြိတိသျှခေတ်
အဆောက်အအုံလက်ရာဟောင်းများ အနက် တစ်ခုပင်ဖြစ်သည်။
ခိုင်ခံတောင့်တင်းမှုနှင့်အတူ မျက်နှာစာနေရာရှိ အမိုးခုံးပြတင်းပေါက်များက အများနှင့်မတူ တမှုထူခြားကာ ဆွဲဆောင်မှုရှိလှပေသည်။ အဆောက်အအုံအဝင် နေရာတွင်လည်း ခံ့ညားလှပသည့် ဆ
င်ဝင်အမိုးကြီးက ဆီးကြိုနေလေသည်။ အဆောက်အအုံထဲဝင်လျှင် ဝင်ချင်း မြင်တွေ့ရသည့် တောင်ပံပုံနှစ်ဖက်အပြိုင်သွားသော လှေကားကြီးက အံ့အားသင့် မင်သက် ဖွယ်ရာပင်။
ဗဟိုစာတိုက်ကြီးအဆောက်အအုံသည် ရန်ကုန်မြို့ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်တွင် ၁၉ဝ၈ခုနှစ်က တည်ဆောက်ခဲ့သည်။
ယနေ့ခေတ် ရန်ကုန်မြို့၏ ဗဟိုစာတိုက်ကြီးအဖြစ် အသုံးပြုနေသော ယင်းဗြိတိသျှခေတ်လက်ရာ အဆောက်အအုံကြီးသည် မှုလက မြန်မာနိုင်ငံတွင် သြဇာတိက္ကမအရှိဆုံးနှင့် သက်တမ်းအရင့်ဆုံး ကုန်သွယ်လုပ်ငန်းဖြစ်သည်
Bulloch Brothers &Co. ၏ ရုံးအဖြစ် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ ကြခြင်းဖြစ်သည်။
Bulloch Brothers & Co. ကို ၁၈၄ဝ ပြည့်နှစ်ဝန်းကျင်က စစ်တွေမြို့တွင် ဦးစွာတည်ထောင် ခဲ့ကြခြင်းဖြစ်ပြီး ၁၈၅ဝပြည့်နှစ်နောက်ပိုင်းတွင်မှ ရန်ကုန်အထိ တိုးချဲလာခဲ့ကြခြင်းဖြစ်သည်။
စကော့ တလန်နိုင်ငံ၊ ဂလက်စ်ဂိုးမြို့ James Bulloch နှင့် George Bulloch တို့ ညီအစ်ကိုနှစ်ဦးက Bulloch Brothers &Co. အမည်ဖြင့် ကုန်သွယ် စီးပွားရေးလုပ်ငန်းကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်၊ ပုသိမ်၊ စစ်တွေနှင့် မော်လမြိုင်တို့တွင် ဆန်စက်ပေါင်းများစွာတည်ထောင်လုပ်ကိုင်ခဲ့ကြပြီး အရှေ့တိုင်း၏ အကြီးမားဆုံးဆန် စက်လုပ်ငန်းအဖြစ် ကြေငြာခဲ့ကြသည်။ ထို့ပြင် ၎င်းညီအစ်ကိုနှစ်ဦးက
လန်ဒန်နှင့်ရန်ကုန်သို့ ကုန်သွယ်သည့် သင်္ဘောလိုင်းတစ်လိုင်းကိုပါ တည်ထောင်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ ဗြိတိသျှနိုင်ငံထုတ်ကုန်မာပစ္စည်းများ၊ ဆားနှင့် အခြားသောကုန်ပစ္စည်း များကိုတင်သွင်းခဲ့ကြသည်။
ယခင်မှုလဗဟိုစာတိုက်ကြီးမှာ ကမ်းနားလမ်းနှင့် ၃၂လမ်းထောင့်နေရာတွင်တည်ရှိခဲ့ပြီး သံတိုင်များ အဓိကသုံးကာ တည်ဆောက်အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ခိုင်ခံမှုမရှိသောသံတိုင်ငယ်များက
၁၉၃ဝပြည့်နှစ် ငလျင်လှုပ်ခတ်မှုကြီးကြောင့် အလွန်ဆိုးဆိုးရွာရွာကျိုးပျက်ခဲ့ရသည်။
တာဝန်ရှိသူများက ပိုမိုကြီးမားခိုင်ခံ့သော စာတိုက်အဆောက်အအုံသစ်ကြီးကို တည်ဆောက်ရန် စီမံကိန်းပင်ရေးဆွဲခဲ့သေးသော်လည်း ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် ဌာနတွင် စာတိုက်အသစ်တည်ဆောက်ရေးအတွက်
ရန်ပုံငွေလွန်စွာမှနည်းပါးခဲ့သဖြင့် ၁၉၃၆ခုနှစ်တွင် Bulloch ညီအစ်ကိုများထံမှ ရုံးနှင့် ၎င်းနောက်ကပ်လျက်အဆောက်အဦကို အစိုးရကပြန်လည်ဝယ်ယူကာ အထွေထွေစာတိုက်ရုံးသစ်ကြီးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။ မိလ္လာနှင့်ရေဆိုးစနစ်များ၊ လျှပ်စစ်ဓာတ်အားပေးစနစ်များ၊ ထပ်မံတပ်ဆင်ခဲ့ပြီးနောက် အဆင့်မီ ရန်ကုန်ဗဟိုစာတိုက်ကြီးအဖြစ် ယနေ့တိုင် အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။
ဒုတိယကမ္ဘာစစ်မတိုင်မီကာလအထိ Bulloch Brother & Co မှာမြန်မာနိုင်ငံအတွင်း ကုန်သွယ်လုပ် ငန်းများ ဆက်လက် လုပ်ကိုင်သွားခဲ့ပြီး စစ်ကာလအခါရောက်သည့်အခါမှ
အခြားနိုင်ငံခြားကုမ္ပဏီများနည်းတူ မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ အဆောက်အအုံကြီးသည် ယနေ့မျက်မှောက်ချိန်ခါ၏ လူစည်ကားရာမြို့လယ်နေရာ၏ ဗဟိုစာ တိုက်ကြီးအဖြစ် ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး ကိုလိုနီခေတ်လက်ရာ
အစိုးရအဆောက်အအုံများအနက် သက်ဆိုင်ရာအစိုးရအာဏာပိုင်များထံ ကြိုတင်ခွင့်ပြုချက် တောင်းစရာမလိုဘဲ ကမ္ဘာလှည့်ခရီးသွားများ လွတ် လပ်စွာဝင်ရောက်လေ့လာကြည့်ရှုနိုင်သော အဆောက်အဦးတစ်ခုလည်းဖြစ်သည်။
မြို့ပြအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို စောင့်ရှောက်ရေး လုပ်ဆောင်ချက်များကို ဆောင်ရွက်လျှက်ရှိသည် Yangon Heritage Trust (YHT) မှ ရန်ကုန်ဗဟိုစာ တိုက်ကြီး၌
၂ဝ၁၅ခုနှစ်၊ မေလ(၂၉)တွင် အပြာရောင်ကမ္ဗည်း မှတ်တမ်းပြားတပ်ဆင်ကာ ရန်ကုန်မြို့၏ သမိုင်းကြောင်းကို ထင်ဟပ်ဖော်ပြပေးနိုင်သည့် အထင်ကရ အဆောက်အအုံအဖြစ် သတ်မှတ်နိုင်ခဲ့ကြောင်းသိရသည်။