၂၀၁၉ ခုနှစ် မတ်လ (၁၁) ရက်တွင် ဘုရင့်နောင် လေးလမ်းဆုံ လူကူး ခုံးကျော်တံတားအား တည်ဆောက်ရေးလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ခဲ့ပြီး သံကူကွန်ကရစ်ဖြင့် တော်ဝင်စာမရီ ဆောက်လုပ်ရေးမှ တည်ဆောက်လျက်ရှိရာ
ဒီဇင်ဘာလကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရပါသည်။
ကမာရွတ်မြို့နယ်၊ ကမာရွတ်ရဲစခန်း လမ်းစုံဖြစ်သော နာနတ်တော-ဘုရင့်နောင် လေးလမ်းဆုံ မီးပွိုင့်တွင် လူကူးခုံးကျော်တံတား တည်ဆောက်လျက်ရှိပြီး (၉၀)ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်၍ လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ထို လမ်းဆုံသည် ယာဉ်များဖြတ်သန်းရာလမ်းဆုံဖြစ်ပြီး ယာဉ်အန္တရာယ်ရှိသော နေရာဖြစ်သည့်အတွက် လူကူးခုံးကျော်တံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မြေနေရာအခက်အခဲများကြားမှ တည်ဆောက်ရာ၌ လှပသေသပ်စွာ တည်ဆောက်မှုဖြင့် မကြာမီအချိန်အတွင်း အများပြည်သူ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။
တာဝန်ခံအင်ဂျင်နီယာ ဦးကိုကိုမောင်က“ရန်ကုန်မြို့က လမ်းဆုံမီးပွိုင့်တွေ တည်ဆောက်တဲ့အခါမှာ ဒီနေရာဟာ အခက်အခဲဆုံးလို့ဆိုရမှာပါ။
ဘာကြောင့်လဲဆိုတော့ တည်ဆောက်လိုတဲ့ မြေနေရာအကျယ်အဝန်းကို မရတဲ့အတွက် ဒီဇိုင်းဆွဲတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ပုံစံမျိုးကို စဉ်းစားပြီး လုပ်ဆောင်ရတယ်။
ပထမက လှေကားလေးစင်း၊ စက်လှေကားလေးစင်း ထည့်မယ်လို့ မှန်းထားတာ။ ဂရင်းဟံသာ ဆေးရုံဘက်ခြမ်းက မြေနေရာမရတဲ့အတွက် ရိုးရိုးလှေကားတပ်ဆင်ပြီး ကျန်တဲ့နေရာသုံးခုကို စက်လှေကား တပ်ဆင်ခဲ့ပါတယ်။ ရဲစခန်းဘက်ခြမ်းက လှေကားဟာလည်း မြေနေရာမရှိတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး စက်လှေကားကို တပ်ဆင်နိုင်ခဲ့တယ်။ ဒီလမ်းဆုံဟာ ယာဉ်တွေ နေ့ညဖြတ်သန်းပြီး ကွန်တိန်နာသွားတဲ့လမ်း ဖြစ်တာကြောင့် အချိန်ယူပြီး အခက်အခဲတွေကြားက ဆောင်ရွက်ရတာပါ။
တံတားတည်ဆောက်ဖို့ စတင်ချိန်မှာ မြေအောက်ကရေပိုက်လိုင်း၊ ဓာတ်အားလိုင်း၊ မြေအောက်ကေဘယ်လ်ကြိုးတွေကို နှစ်လခွဲကြာ ရှင်းလင်းရတယ်။
အခုခိုင်မာစွာနဲ့ တည်ဆောက်ပြီးလို့ ချီးကျူးသံတွေ ကြားရတာ ကျွန်တော်တို့ရဲ့ စေတနာကို အသိအမှတ်ပြုတာ ဖြစ်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။
လွတ်လပ်ရေးနေ့မှာ ဖွင့်နိုင်ဖို့ကြိုးစားနေပါတယ်” ဟု ပြောပြခဲ့ပါတယ်။
ကားလမ်းလေးခုဆုံသော နေရာပေါ်တွင် တည်ဆောက်ထားသော လူကူးခုံးကျော်တံတားမှာ (၅၂၅) ပေ (၁၁) ပေရှည်လျားပြီး ယာဉ်ကင်းလွတ်အမြင့်မှာ (၂၀)ပေရှိသည်။
တံတားလျှောက်လမ်း အကျယ်မှာ (၁၁)ပေရှိ၍ ကြွေပြားခင်းထားသော အကျယ်မှာ (၉)ပေခွဲရှိကာ စက်လှေကားသုံးစင်းနှင့် ရိုးရိုးလှေကားတစ်စင်းဖြင့် လှေကားလေးစင်းပါရှိသည်။
လူကူးခုံးကျော်တံတားကြီး မြန်ဆန်စွာပြီးစီးရန် တည်ဆောက်လျက်ရှိပြီး တံတားမျက်နှာကျက် တပ်ဆင်ခြင်းလုပ်ငန်း၊ လျှပ်စစ်မီးတပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်းနှင့် လှေကားဘေးအကာများ တပ်ဆင်ခြင်းတို့ အပြီးသတ်ဆောင်ရွက်လျက်ရှိရာ (၉၀) ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်၍ လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။