ဘူးသီးတောင်မြို့နှင့် ရသေ့တောင်ကို တိုက်ရိုက်ဆက်သွယ်ထားသော ပန်ဇင်းချောင်းတံတားတည်ဆောက်ရေး စီမံကိန်းကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
ပန်ဇင်းချောင်းတံတားစီမံကိန်းတစ်ခုလုံးကို ၉၇ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ရသေ့တောင်မြို့နှင့် ဘူးသီးတောင်မြို့တို့ကို တိုက်ရိုက်ဆက်သွယ်မည့် ကုန်းတွင်းလမ်းကို လမ်းဦးစီးဌာနက ဖောက်လုပ်လျှက်ရှိပြီး အဆိုပါလမ်းတွင် တံတားပေါင်း ၁၂ စင်းအထိဖောက်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ယခုနှစ်တွင် ပန်ဇင်းချောင်းတံတားအပါအဝင် တံတားခြောက်စင်းဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။
ကျန်တံတားခြောက်စင်းကို လာမည့်ဘဏ္ဍာနှစ်တွင် လျာထားကြောင်း၊ ယင်းတံတားများတွင် ပန်ဇင်းချောင်း တံတားကြီးသည် အကြီးဆုံးဖြစ်ကြောင်းသိရသည်။
ထိုပန်ဇင်းချောင်းတံတားသည် နယ်စပ်မြို့တော် မောင်တောမြို့မှ ဘူးသီးတောင်-ရသေ့တောင်၊ ရသေ့တောင်မှ ပုဏ္ဏားကျွန်းအထိ ဖောက်လုပ်လျှက်ရှိသည့် လမ်းပေါ်တွင် ဆောက်လုပ်ခြင်းဖြစ်သည်။
ပန်ဇင်းချောင်းတံတားကို လာမည့်ဖေဖော်ဝါရီလပြည်ထောင်စုနေ့တွင် ဖွင့်လှစ်ရန် ခန့်မှန်းထားကြောင်း သိရသည်။
ထိုတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၂ တံတားအထူးဖွဲ့(၈) ကတာဝန်ယူပြီး ၂၀၁၅ ခုနှစ် ဧပြီလက စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တံတားအရှည်မှာ ပေ ၉၆၀ ၊ အကျယ်မှာ စုစုပေါင်း ပေ ၃၀ ရှိပြီး ၊ ရေလမ်းကင်းလွတ်အကျယ်ပေ ၉၀၊ ရေလမ်းကင်းလွတ်အမြင့် ၁၉ ပေခွဲ၊ တံတားခံနိုင်ဝန်မှာ ပေ ၆၀၊ ဘူးသီးတောင်ဘက်ခြမ်း ချဉ်းကပ်လမ်းအရှည် ၅၆၅ ပေ၊ ရသေ့တောင်ဘက်ခြမ်း အရှည် ၈၇၅ ပေရှိကာ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်တံတားဖြစ်ကြောင်းသိရသည်။
ယင်းစီမံကိန်းအတွက် စုစုပေါင်းကုန်ကျငွေမှာ ငွေကျပ်ကျပ်သန်းပေါင်း ၄၀၁၀ ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်မောင်တောဒေသသည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး လက်ရှိတွင် ရေလမ်းကြောင်းကိုသာ ပြည်သူများအလေးထားသွားလာနေကြသည်။
ပန်ဇင်းချောင်းတံတားပြီးစီးသွားပါက ဒေသခံပြည်သူများ ကုန်တွင်းလမ်းအဖြစ် သွားလာနိုင်မည် ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုနှင့် ကူးလူးသွားလာမှုတို့တွင် များစွာအထောက်အကူပြုလာမည်ဖြစ်သည်။
ယင်းတံတားသည် မောင်တောမြို့၏ အဓိက ထွက်ပေါက်လမ်းတစ်လမ်းဖြစ်လာမည့် မောင်တော-ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းမှတစ်ဆင့် စစ်တွေ-ရန်ကုန်လမ်းပိုင်းသို့ဆက်သွယ်ရာတွင် အဆိုပါ ပန်ဇင်းချောင်းတံတားသည် အဓိကအရေးပါသည့် တံတားတစ်စင်းဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
Myanmar alin