ပုဇွန်တောင်မြို့နယ်အတွင်း မြစ်သုံးဆိုင်ထိပ်ရှိ ပြည်တော်သစ်အိမ်ရာပြည်လည်ဖွံ့ဖြိုးရေးစီမံကိန်း ပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကိုင်တွယ်ဆောင်ရွက်နေသည့် အစိုးရပိုင်ကုမ္ပဏီ Yangon Metropolitan Development ကုမ္ပဏီက Developer နေရာမှနေ၍ ကန်ထရိုက်တာများကို တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ပြည်တော်သစ်အိမ်ရာတည်ဆောက်ရေးလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကွပ်ကဲသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရေးအတွက် ရုပ်လုံးဖော်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းအဆောက်အအုံသည် ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး မပေါ်ပေါက်ခင်ကာလ ကတည်းကပင် အတော်ဟောင်းနွမ်းနေပြီဖြစ်ပြီး အဆိုပါအဆောက်အအုံကြီး ပေါ်ထွန်းလာပါက ရန်ကုန်မြို့နှင့် ရန်ကုန်မြစ်အလှကို စိတ်ချမ်းသာဖွယ်ရာ မြင်တွေ့ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
ပြည်တော်သစ်အိမ်ရာကို ၁၉၅၆ ခုနှစ် ဖဆပလအစိုးရလက်ထက်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်ရာတွင် အစိုးရဝန်ထမ်းအများစုကို အငှားချပေးခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။
လက်ရှိ ပြည်တော်သစ်အိမ်ရာတွင် ငှားရမ်းနေထိုင်နေသူများကို အသွား၊ အပြန် ပြောင်းရွှေ့စရိတ်အဖြစ် တစ်ခန်းလ ျှင် ကျပ်ခြောက်သိန်းနှင့် အခန်းငှားရမ်းစရိတ်အဖြစ် တလလ ျှင် ကျပ်သုံးသိန်းသုံးသောင်းနှုန်းဖြင့် ပြင်ပ၌ ငှားရမ်းနေထိုင်ရသည့် ကာလအလိုက် ယာယီနေထိုင်စရိတ်ပေးခဲ့ကြောင်း ယင်းအိမ်ရာတွင် နေထိုင်သူ ၁၄၂ ခန်း ရှိကြောင်း သိရသည်။
ပြည်တော်သစ်အိမ်ရာ စီမံကိန်း မြေဧရိယာမှာ ၄ ဒသမ ၃၄၈ ဧက ကျယ်ဝန်းကာ အလျား ၁၉၈ ပေ၊ အနံ ၁၇၂ ပေရှိပြီး စီမံကိန်းကာလမှာ ၂၀၂၂ ခုနှစ် ဇွန်လအထိဖြစ်ကြောင်း စုစုပေါင်း ၁၇၈ ခန်း ပါဝင်မည်ဖြစ်ပြီး ကပ်လ ျှက်တွင် ယာဉ်စီးရေ ၃၇၈ စီး ရပ်နားနိုင်မည့် ခြောက်ထပ်ကားပါကင် တစ်ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။