တစ်လလျှင်ကျပ်သုံးသိန်းအောက်ဝင်ငွေရှိသည့်မိသားစုများကို နေအိမ်၊ တိုက်ခန်းပိုင်ဆိုင်ခွင့်ရရန် စီစဉ်နေကြောင်းဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)၊ အိမ်ရာချေးငွေဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှပြောကြားသည်။
CHDB ဘဏ်၏ အိမ်ရာစုဆောင်းငွေစာရင်းတွင်အိမ်တန်ဖိုး ၃၀ ရာခိုင်နှုန်းပြည့်မီသူများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဖော်ထုတ်သောတိုက်ခန်းများဝယ်ယူခွင့်ရရန်ဆောင်ရွက်ပေးနေပြီး ဝင်ငွေနည်း မိသားစုများအထူးသဖြင့်ကျပ်သုံးသိန်းအောက်ဝင်ငွေရှိသူများကိုအိမ်ပိုင်ဆိုင်ခွင့်လက်လှမ်းမီရန်စီစဉ်နေသည်ဟု သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ရန်နိုင်ငံတော်ချေးငွေနှင့် နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများရရန်ညှိနှိုင်းနေပြီး ယင်းလုပ်ငန်းစဉ်များ အဆင်ပြေလျှင် ကျပ်သုံးသိန်းအောက် ဝင်ငွေရှိသူများကိုပါ ချေးငွေပေးနိုင်မည် ဖြစ်သည်။
CHDB ဘဏ်သည် အိမ်ရာ၊ တိုက်ခန်းများဝယ်ခွင့်ရရန်ယင်းဘဏ်တွင်အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်ထားသူများကိုနှစ်ရှည်ချေးငွေထုတ်ပြီးယင်းချေးငွေကိုဆယ်နှစ်အတွင်းလစဉ်အရစ်ကျပေးဆပ်ရသည်။
ကျပ်သိန်း ၁၀ဝ တန်တိုက်ခန်းဝယ်ယူလျှင် (စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း) ကျပ်သိန်းသုံးဆယ်ကို ဘဏ်တွင်စုဆောင်းထားသဖြင့်ကျန်ကျပ်သိန်း ၇၀ ကိုဘဏ်ကချေးပေးထားသည်။
အရစ်ကျပေးချေးမှုသည်တစ်လလျှင်တစ်သိန်းနှုန်းဆယ်နှစ်ခန့် ဖြစ်သည်။
ထို့ကြောင့်တစ်လလျှင်ကျပ်သုံးသိန်းဝင်ငွေရှိသူများသာလက်လှမ်းမီသည့်သဘောဖြစ်ပြီးယင်းဝင်ငွေအောက် လျော့နည်းသောမိသားစုများအတွက်စုဆောင်း ငွေ ၂၀ ရာခိုင်နှုန်း၊ ချေးငွေပြန်ဆပ်ကာလ နှစ် ၂၀ အထိ တိုးမြှင့်ရန် စီစဉ်နေကြောင်း CHDB ဘဏ်ထံမှ သိရသည်။
သို့ဆိုလျှင်စုဆောင်းငွေသိန်းနှစ်ဆယ်၊ အရစ်ကျပေးဆပ်ငွေတစ်လလျှင် ၆ သောင်းသို့မဟုတ် ၇ သောင်း ပေးသွင်းလျှင်တိုက်ခန်းဝယ်နိုင်သည်။
လက်ရှိတွင်လူဦးရေ ၁၄၀ဝ ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကဖော်ထုတ်သောတိုက်ခန်းများ ဝယ်ယူခွင့်ရရန်ချေးငွေထုတ်ပေးထားပြီး စုစုပေါင်းကျပ် ၁၀ ဘီလီယံခန့် ရှိသည်။
ယင်းဘဏ်တွင်အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ထားသူ စုစုပေါင်း ၁၇၀ဝ၀ ကျော်ရှိပြီး အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် လမည့်နှစ်အတွင်း နေအိမ်ပေါင်း ၈၀ဝ၀ ကျော်ဖော်ထုတ်ရန်စီစဉ်ထားသည်။
Source:imyanmarhouse