လူကူးခုံးကျော်တံတားအချို့ စက်လှေကားတပ်ဆင်ခြင်းနှင့် မြေအောက်လူသွားလမ်းများ ဆောက်လုပ်ရန်စီစဉ်


12 September, 2019

အဆိုပါ မြေအောက်လူသွားလမ်း (Under Pass) ဆောက်လုပ်ရန် ယခုလက်ရှိတွင် ဒီဇိုင်းရေးဆွဲနေကာ ကုန်ကျစရိတ်များကိုလည်း တွက်ချက်နေပြီး ယင်းမြေအောက် လူသွားလမ်းတွင် ဈေးဝယ်စင်တာများလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 Junction Square မှ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်နှင့် ရွှေတိဂုံဘုရား အနောက်ဘက်မုခ်မှ ပြည်သူ့ရင်ပြင်တို့အကြား မြေအောက်လူသွားလမ်းများ ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးသန်းက ပြောကြားသည်။

 "လူတွေက အမြင့်တွေ မတက်ချင်ဘူး။ အနိမ့်ကို ဆင်းချင်တယ်။ ဒါကြောင့် Under Pass တွေလုပ်ဖို့ စီစဉ်နေပါပြီ။ အရင်က ဆောက်ခဲ့တဲ့ ခုံးကျော်တံတားတွေကတော့ စက်လှေကားမပါဘူး။ ခုဆောက်တဲ့ ခုံးကျော်တံတားတွေမှာလည်း အတက်ကို စက်လှေကား ပါပါတယ်”ဟု ဦးသန်းက ဆိုသည်။

 ယခုအခါ လတ်တလောတည်ဆောက်ပြီးသော ခုံးကျော်တံတားများ၌ စက်လှေကားတပ်ဆင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စက်လှေကားများကို သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအရ အတက်၊ အဆင်းပြုလုပ်ရန် အခက်အခဲရှိသူများ အဆင်ပြေမှုရှိစေရေးအတွက် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း၊ စက်လှေကားများ တပ်ဆင်ပေးနိုင်ရန် ဒီဇိုင်းပုံစံအဆိုပြုထားခြင်းတို့ပြုလုပ်ထားကြောင်း သိရသည်။

 ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် နောက်ပိုင်းတည်ဆောက်မည့် လူကူးခုံးကျော်တံတားများတွင် စက်လှေကားများ ထည့်သွင်းတည်ဆောက်ရန် ဒီဇိုင်းဆွဲကာ ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြို့လယ်ရှိ ဆူးလေလူကူးခုံးကျော်တံတားတွင်လည်း စက်လှေကားထည့်သွင်းရန် ဒီဇိုင်းအဆိုပထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Local Read 40 times