ဘက်စုံ သုံးဆိပ်ကမ်းတစ်ခုကိုမြေဧက ၁ဝဝဝ ကျော်တွင် အကောင်အထည်ဖော်မည်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘက်စုံ သုံးဆိပ်ကမ်းတစ်ခုကို ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်ကြားရှိမြေဧက ၁ဝဝဝ ကျော်တွင် အကောင်အထည်ဖော်ရန်စီစဉ်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်နိုင်စေရေး၊Export Oriented ဖြစ်စေရေး၊ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားကာဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ မြေနေရာ ဆန်းစစ်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ် တော်ခလူးကျေးရွာနှင့် ကော့မှူးမြို့နယ် သရက်တောကျေးရွာကြားတွင် သင့်လျော်သော အခြေအနေမျိုးဖြစ်သည် ကိုတွေ့ရှိခဲ့ရသည်။
ယင်းနေရာမှ မြေဧက ၁ဝ၅၃ ဧက ပေါ်တွင် စီမံကိန်းလုပ်ဆောင်မည်ဖြစ်သည်။
စီမံကိန်းအတွက် Royal Haskoning ကုမ္ပဏီ၊ Surbana Jurong ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ပဏာမ ကွင်းဆင်းလေ့လာခဲ့ကြပြီးဖြစ်သည်။
ယင်းစီမံကိန်းအတွက် လျာထားသည့်နေရာမှ မြေဧက ၅ဝဝ ကို ပထမအဆင့်အဖြစ်အကောင်အထည်ဖော်ရန် လျာထားပြီး ကမ်းရိုးတန်း အရှည် ၂ ဒသမ ၂ကီလိုမီတာကို အသုံးပြုမည်ဖြစ်သည်။
ယင်းနေရာအနီးတစ်ဝိုက်သည် ရေစူး ၉မီတာအနက်ရှိခြင်းကြောင့် သီလဝါ ဆိပ်ကမ်းထက်ရေစူးပိုမိုကောင်းမွန်ခြင်း၊Downtown ဧရိယာနှင့် လွတ်ကင်းသော နေရာဖြစ်သည့်အတွက် နောက်ပိုင်းချဲ့ထွင်ရန်လည်း အခြေအနေကောင်းများ ပိုင်ဆိုင်ထားကြောင်း၊ရန်ကုန်ဆိပ်ကမ်းများတွင် လက်ရှိဆိုက်ကပ်နေသော သင်္ဘောများထက် ပိုမို ကြီးမားသည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်ခြင်း၊စက်မှုဇုန်များနှင့်အလွယ်တကူ ဆက်သွယ်သွားလာနိုင်ခြင်းတို့ကြောင့် ပို့ကုန်၊သွင်းကုန်များကို အလွယ်တကူ သယ်ဆောင်နိုင်ကာ သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေခြင်းနှင့် ရန်ကုန်မြို့တွင်း ကုန်သေတ္တာ သယ်ဆောင်သွားလာမှုမှ ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ခြင်းစသည့် အားသာချက်များ ရှိကြောင်းသိရသည်။
ထို့ကြောင့် ပြင်ပ ပို့ကုန်၊သွင်းကုန်များ ကို လက်ခံဆောင်ရွက်နိုင်သော ဆိပ်ကမ်းအဖြစ် စီမံကိန်းနှင့် အတူ စက်သုံးဆီ သိုလှောင်ဖြန့်ဖြုးရေးစခန်းတစ်ခုကိုပါ လုပ်ဆောင်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။
#Myanmar Builders Guide