မန္တလေးတိုင်းဒေသကြီး၏ အဓိကဆိပ်ကမ်းနှစ်ခုဖြစ်သည့် မန္တလေးဆိပ်ကမ်း နှင့် ရွှေကြက်ယက်ဆိပ်ကမ်းတို့ကို စနစ်တကျ အဆင့်မြှင့်တင် တည်ဆောက်ရန်
နယ်သာလန်နိုင်ငံမှ Royal Hoskening ကုမ္ပဏီနှင့် ပူးပေါင်း၍ Master Plan တစ်ခုပေါ်ထွက်လာရန် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ထံမှ သိရသည်။
မန္တလေးမြို့ရှိ ဆိပ်ကမ်းများကို စနစ်တကျဖြစ်စေရန်နှင့် အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် NLD အစိုးရလက်ထက် ၂ဝ၁၆ ခုနှစ်ဇူလိုင်တွင် မန္တလေး တိုင်းဒေသကြီး ဆိပ်ကမ်းကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး
ဆိပ်ကမ်းဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရန်အတွက်ကော်မတီများအသီးသီးဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆိပ်ကမ်းများစနစ်တကျဖြစ်စေရေးနှင့် အဆင့်မြှင့်တင်တည်ဆောက်ရေးအတွက် ဆိပ်ကမ်းများနေရာချထားရေးလုပ်ငန်းကော်မတီ၊မရမ်းခြံဆိပ်ကမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊
ဆိပ်ကမ်းသာယာလှပရေးလုပ်ငန်း ကော်မတီ စသည့် လုပ်ငန်း ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် လက်ရှိ အသုံးပြုနေသော ဆိပ်ကမ်များသည် ယခင် ကုန်းဘောင်ခေတ် ကာလကတည်းက ယခုအချိန်ထိ ဘာမှ မပြောင်းလဲသေးသောကြောင့် ပြုပြင်ထိန်းသိမ်း မှုများ ပြုလုပ်ရန် လိုအပ်နေသည်။
မန္တလေးဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်သာလန်နိုင်ငံမှ Royal Hoskeningကုမ္ပဏီ နှင့်ပူးပေါင်းပြီး Master Plan တစ်ရပ်ထွက်ပေါ်လာရန် ရေးဆွဲနေသည်။
စက်သုံးဆီများအများဆုံး အတင်အကျ ပြုလုပ်နေသည့် ရွှေကြက်ယက်ဆိပ်ကမ်းကိုလည်း စနစ်တကျ ဖြစ်စေရန် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
မန္တလေးမြို့တွင်လက်ရှိအသုံးပြုလျက်ရှိသည့် ဆိပ်ကမ်းများမှာ မရမ်းခြံဆိပ်ကမ်း၊မန္တလေးဆိပ်ကမ်း၊ရွှေကြက်ယက်ဆိပ်ကမ်း တို့ဖြစ်ပြီး ကုန်တင်ကုန်ချဆိပ်ကမ်း၊ပြည်တွင်းခရီးသည် အတင်အချဆိပ်ကမ်းနှင့်နိုင်ငံခြားသား
ခရီးသွားဆိပ်ကမ်းများအဖြစ် အသုံးပြုလျက်ရှိသည်။
ယင်းဆိပ်ကမ်းများမှ ဆိပ်ကမ်းခွန်ကောက်ခံ ရရှိမှုအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တို့တွင် ကျပ် ၅၉ ဒသမ ၁၄ သန်း ကောက်ခံရရှိခဲ့ပြီ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် ကျပ် ၅၃၁ ဒသမ ၆၉၄ သန်း ကောက်ခံရရှိခဲ့ကြောင်း သိရသည်။