၂၀၂၀ ပြည့်နှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် ခုနစ်ခုအား အကောင်အထည်ဖော်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးမှ လာမည့်နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်း ချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် ခုနစ်ခုအား အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း၊လက်ရှိ ဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများ ပြီးစီးရန် လျာထားသတ်မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန် တိုက်တွန်းလိုကြောင်း ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်နေသည့် ဓာတ်အားပေးရုံ အသစ်များမှာ အလုံ၊ ကျောက်တန်းနှင့် သာကေတမြို့နယ်များတွင် တည်ဆောက်နေခြင်း ဖြစ်ပြီး ဒုဝန်ကြီးနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးက အလုံဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နေသည့် (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စက်ပစ္စည်းများ၊ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ စက်တပ်ဆင်မှု လုပ်ငန်းများကို လာမည့်နွေရာသီအမီ ပြီးစီးရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်သွားရန်၊ စီမံကိန်းပစ္စည်းများ ရောက်ရှိလာပါက ဆိပ်ကမ်းမှ အချိန်မီ ရွေးယူနိုင်ရေး ကိစ္စရပ်များကိုလည်း ဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားရန်၊ ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေးလုပ်ငန်းများအား ပုံမှန်ထိန်းသိမ်း ပြုပြင်ဆောင်ရွက်သွားရန် ၊ ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်ရေးတို့အား အလေးထားဆောင်ရွက်သွားရန် ဝန်ထမ်းများကို မှာကြားခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်နေမှု အခြေအနေ၊ ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ JICA ချေးငွေဖြင့် ဆောင်ရွက်မည့် ၂၅ မဂ္ဂါဝပ် (Combine Cycle Power Plant) တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက် ဝင်ရောက်မည့် အခြေအနေတို့ကို တာဝန်ရှိသူ အသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင် ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများအား ဂရုပြုဆောင်ရွက်သွားရန်၊ ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် စီမံကိန်းလုပ်ငန်းများအား စောလျင်စွာပြီးစီး၍ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သာကေတမြို့နယ်အတွင်းရှိ သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော်နေသည့် (၄၀၀) မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ အဆိုပါ မြေနေရာပေါ်တွင် ဓာတ်အားပေး စက်ရုံအဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း၊ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ အရည်အသွေး စံချိန်းစံညွှန်းပြည့်မီရေးတို့အား အလေးထားဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် JICA ချေးငွေဖြင့် အကောင်အထည် ဖော်နေသည့် 66k V GIS ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးရေး၊ စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်အားပေးစက် သုံးလုံးအနက်မှ ဓာတ်အားပေးစက် တစ်လုံးအား လာမည့် နွေရာသီကာလအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။