မြောက်ဦးလေယာဉ်ကွင်းသစ်ကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။
မြောက်ဦးလေယာဉ်ကွင်းသစ် အကောင်အထည်ဖော်မည့်ကိစ္စအား ဖေဖော်ဝါရီ ၁၃ ရက်ကထုတ်ပြန်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏
လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်သူသို့အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
မြောက်ဦးမြို့လေဆိပ်အသစ်သည် မြောက်ဦးမြို့၏ အရှေ့ဘက် ၄ ဒသမ ၅ မိုင်ခန့်အကွာ နန်းကျားကျေးရွာ အနောက်ဘက်တွင်တည်ရှိပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ
ကျပ်သန်း ၂ဝဝဝ နှင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂ဝဝဝ စုစုပေါင်း ကျပ်သန်း ၄ဝဝဝ တို့ဖြင့် ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်
ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေမှာ ကျပ်သန်းပေါင်း ၁၄၂ ဒသမ ၃၉၃ သာ ခွင့်ပြုထားသောကြောင့် လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းအား ရပ်ဆိုင်းထားရကြောင်း သိရသည်။
မြောက်ဦးလေယာဉ်ကွင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၅ ဒသမ ၆၁ ဘီလျံဖြစ်ကြောင်း သိရသည်။ ရခိုင်ဘုရင်များ၏မြို့တော်ဖြစ်ခဲ့သည့် မြောက်ဦးမြို့တွင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာ
အများအပြားကျန်ရှိနေသေးပြီး မြောက်ဦးမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (ယူနက်စကို) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ်
သတ်မှတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ မြောက်ဦးကို ကမ္ဘာလှည့်ခရီးသွား တစ်နှစ်လေးထောင်ခန့်သာ လာရောက်ကြောင်းနှင့် လေဆိပ်အသစ်တည်ဆောက်ပြီးလျှင်
ခရီးသွားများ ပိုမိုဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မာန်အောင်လေဆိပ် မူလလေယာဉ်ပြေးလမ်း ပေ ၄၅ဝဝ×၁ဝဝ အား တောင်ဘက်သို့ Overrun ပေ ၂ဝဝ နှင့် RESA Earth Levelling လုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့်
စစ်တွေလေဆိပ် ခရီးသည်အဆောက်အအုံ ပေ ၁၈ဝ×၆ဝ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင်ပါရှိသည်။
ပို့ဆောင်ရေးကဏ္ဍအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးတွင် မူလယာဉ်လိုင်း ၄၂ လိုင်းအပြင် ခြောက်လိုင်းထပ်မံ၍ တိုးချဲ့ပြေးဆွဲခွင့်ပြုနိုင်ခဲ့ကြောင်း၊ ရေကြောင်းပို့ဆောင်ရေးတွင်
ရခိုင်ဒေသကမ်းရိုးတန်းနှင့် မြစ်ကြောင်းများတစ်လျှောက် သွားလာမှု အဆင်ပြေစေရေးအတွက် ကစ္ဆပနဒီ (၁) နှင့် (၂) ရေယာဉ်များ၊ အောင်တံခွန်ရေယာဉ်များ ပြေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊
အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် တန်ချိန် ၃ဝဝ မြစ်တွင်းသွား ရေယာဉ်ခြောက်စင်းကို ၂၆-၆-၂၀၁၇ ရက်မှစ၍ ပြေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။