မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် မိုးပျံတံတားစီမံကိန်းနှင့် မြေပေါ်မြေအောက်လျှပ်စစ်ရထား စီမံကိန်းများကို အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီထံမှ သိရသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သောဆောက်လုပ်ရေးဝန်ကြီးဌာနတည်ထောင်သည့် ၁၃၁နှစ်မြောက်အခမ်းအနား ကျင်းပရေးလုပ်ငန်းညှိနှိုင်းပွဲအပြီးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မှ ရန်ကုန်မြို့တော်တွင် လူဦးရေများပြားလာသည့်အတွက် အိမ်ရာစီမံကိန်းများနှင့် ယာဉ်ကြောပြဿနာများဖြေရှင်းရန်ကားလမ်းပါသည့် မိုးပျံတံတားစီမံကိန်းကို ၂ဝ၂ဝ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ရန်ဂျပန်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
မိုးပျံတံတားစီမံကိန်းကို ဗိုလ်တထောင်ဘုရားဘက်ခြမ်းမှ စ၍ သုဝဏ္ဏနှင့် တောင်ဥက္ကလာ မြောက်ဥက္ကလာဘက်သို့ ပတ်ထွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းဖောက်ရန်အတွက် လမ်းအကျယ်သွားမည့်ကား အစီးရေ တံတားစီမံကိန်းတွင် ပါဝင်လုပ်ဆောင်နိုင်သော ပုဂ္ဂလိက ကဏ္ဍများကို ထည့်သွင်းတွက်ချက်နေသည့်အပြင် ချေးငွေများရရှိလာလျှင်အမြန်ဆုံးအကောင်အထည်ဖော်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ထပ်လောင်းပြောကြားခဲ့သည်။
အလားတူရန်ကုန်မြို့တွင် နိုင်ငံတကာအဆင့်မီမြေပေါ်မြေအောက်လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန် Shwe Yandanar Aung ကုမ္ပဏီတာဝန်ရှိသူများမှရန်ကုန်တိုင်းဝန်ကြီးချုပ်ထံ လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်သည် သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထိုမြေပေါ်မြေအောက်လျှပ်စစ်ရထားပြေးဆွဲမည့် အစီအစဉ်မှာ မြို့သစ်စီမံကိန်း မဟာဗျူဟာလုပ်ငန်းစဉ်အရ ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။
အစိုးရဘတ်ဂျက်အပါအဝင် အကျိုးတူပူးပေါင်း လုပ်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီတွင် တွံတေးမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ လွှတ်တော်ကိုယ်စားလှယ် မှ ဆိုကြောင်းသိရသည်။
ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးတွင် မော်တော်ကားဖြင့် ရေရှည်မည့်သို့မျှ ဖြေရှင်းနိုင်မည်မဟုတ် ရထားဖြင့် ပို့ဆောင်ရေး လုပ်ငန်းကိုသာ တွင်ကျယ်လာရန်ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊မြေပေါ်မြေအောက် လျှပ်စစ်ရထားပြေးဆွဲချိန်တွင် မြို့ပတ် ရထား၊ခရီးသည်တင်ဘတ်စ်ကားလိုင်းများနှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး အဝေးပြေးယာဉ်လိုင်းများနှင့်လည်းချိတ်ဆက်ပြေးဆွဲရန်လုပ်ဆောင်မည်ဖြစ်ကြောင်းလက်ရှိတွင် မြေပေါ်မြေအောက်လျှပ်စစ်ရထားပြေးဆွဲခြင်းအတွက် အဆိုပြုလွှာ တင်သွင်းခြင်းကိစ္စကိုကုမ္ပဏီနှင့် ဆွေးနွေးသည့်အဆင့်သာရှိပြီး တင်ဒါခေါ်ယူခြင်းမရှိသေးကြောင်း မြန်မာ့မီးရထားအကြီးတန်းအရာရှိတစ်ဥင်္းမှ ပြောကြားကြောင်းသိရသည်။
ယင်းစီမံကိန်းအနေနှင့် ၂ဝ၁၈-၂ဝ၁၉ခုနှစ် ဘဏ္ဍာနှစ်တွင် စတင်ရန်လျာထားပြီး ၂ဝ၄ဝခုနှစ်အပြီး လုပ်ဆောင်ရန် မြို့သစ်စီမံကိန်း မဟာဗျူဟာတွင် ပါရှိကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်ရထားကို DC600V လျှပ်စစ်ဓာတ်အား DC Motor များအသုံးပြု၍၂ဝ၁၆ခုနှစ ဇန်နဝါရီလ ၁ဝရက်က ဝါးတန်းလမ်းမှ လင်းစဒေါင်းအထိ လက်မှတ်ခကျပ် ၁ဝဝဖြင့် တစ်ရက်ကို နှစ်ခေါက်နှုန်းဖြင့် စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲခဲ့သည့် အချိန်မှ စပြီး ငါးလတာကာလအတွင်း ခရီးသွားပြည်သူစီးနင်းမှုနည်းပါးခြင်း၊ယာဉ်ကြောပိတ်ဆို့ခြင်းများကြောင့် လျှပ်စစ်ရထားအား ဇူလိုင်လ ၁ရက်နေ့တွင် ပြေးဆွဲမှုရပ်ဆိုင်းခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ West Corporation တို့ပူးပေါင်းဆောင်ရွက်သော ကမ်းနားလမ်းပိုင်းတွင် လျှပ်စစ်ရထား Phase-1 ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး Phase-2,3 ကိုထပ်မံဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနလျှပ်စစ်ရထားပြေးဆွဲခြင်းဆိုင်ရာ စီမံကိန်းဌာနထံမှ သိရသည်။
Source:imyanmar House