တိုင်းဒေသကြီးသုံးခုရှိ မြေနှင့် အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၂၅ နေရာကို အများပြည်သူသို့ရောင်းချမည် ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ကြေညာသည်။
ရောင်းချမည့်နေရာများမှာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတို့တွင်ဖြစ်ပြီး တည်နေရာအတိအကျကို အကျယ်အဝန်း၊ လက်ရှိမြေပြင်အနေအထား ဓာတ်ပုံတို့ကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ဝဘ်ဆိုက်တွင် ဖော်ပြထားသည်ဟုဆိုသည်။
ရောင်းချမည့်နေရာများတွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရှိ ပုလဲကွန်ဒိုမှ တိုက်ခန်းငါးခန်း၊ ပန်းဘဲတန်း နှင့် စမ်းချောင်းမြို့နယ် ရှိ တိုက်ခန်းသုံးခန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ ၊ တောင်ဥက္ကလာပ နှင့် ဒဂုံ (အရှေ့) မြို့နယ်များတွင် မြေနှင့် အဆောက်အအုံတွဲလျက်နှင့် မြေသီးသန့် ၁၀ နေရာတို့ဖြစ်သည်။
မန္တလေးတိုင်း ချမ်းအေးသာစံ၊ မိုးကုတ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များရှိ မြေနှင့်အဆောက်အအုံ၊ တိုက်ခန်း၊ မြေကွက်စုစုပေါင်း ငါးနေရာ၊ ပဲခူးတိုင်း ညောင်လေးပင်နှင့် တောင်ငူမြို့ ရှိ မြေညီထပ် အခန်းတစ်ခန်းနှင့် မြေကွက်တစ်ကွက် ပါဝင်သည်။
ဝယ်ယူလိုသူများသည် စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်သည်။