ထိုင်း-မြန်မာ ဖက်စပ်ဖွဲ့စည်းထားတဲ့ ဆောက်လုပ်ရေးနဲ့ အိမ်သုံးပစ္စည်းအရောင်းစင်တာ Pro 1 Global လက်လီ လုပ်ငန်းဟာ လာမယ့် (၅) နှစ်ထဲမှာ လက်လီဆိုင်ခွဲပေါင်း (၁၀) ဆိုင်အထိ တိုးချဲ့ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆိုင်ခွဲ တစ်ဆိုင်ကို အမေရိကန်ဒေါ်လာ (၁၀) သန်းခန့် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ Pro 1 Global ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးထွေးက ပြောပါတယ်။
“ကျွန်တော်တို့က လာမယ့် ၅ နှစ်မှာ တစ်နှစ်ကို Pro 1 Global ဆိုင်ခွဲ (၂) ဆိုင် ဖွင့်လှစ်သွားပါ့မယ်၊ ဆိုင်ခွဲတစ်ခုဆိုရင် အကြမ်းဖျဉ်း ပြောလို့ရတာက ဒေါ်လာ (၁၀) သန်းပေါ့” လို့ ဦးမျိုးထွေးက ဆိုပါတယ်။ ဒါ့ကြောင့် Pro 1 Global အနေနဲ့ (၅) နှစ်အတွင်း ကန်ဒေါ်လာ သန်း (၁၀၀) အထိ ထပ်မံရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဆိုင်ခွဲတွေ ထပ်ချဲ့တိုင်း ချဲ့တိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးနေမှာပေါ့” ဖက်စပ်တည်ထောင် Pro 1 Global ဖက်စပ်လက်လီလုပ်ငန်းမဖြစ်ပေါ်လာခင် လွန်ခဲ့တဲ့ (၆) နှစ်ကတည်းက Pro 1 Myanmar Co., Ltd အမည်နဲ့ ဦးမျိုးထွေးက Pro 1 Home Center အမည်ရှိ ဆောက်လုပ်ရေးနဲ့ အိမ်သုံးပစ္စည်း အရောင်းစင်တာကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ် မေလက ပြည်တွင်း လက်လီလက်ကားလုပ်ငန်းတွေမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းနဲ့ နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့အပြီး ဒီလို ပူးပေါင်းမှု ဖြစ်ပေါ် လာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဟိုးအရင်ကတည်းကလုပ်ထားတာပေါ့၊အစိုးရကပူးပေါင်းဖို့ခွင့်ပြုပြီးနောက်ပိုင်းမှာပေါင်းတာပေါ့” ဆိုပြီး ဦးမျိုးထွေးက ရှင်းပြပါတယ်။
Pro 1 Global ကို မြန်မာကုမ္ပဏီ Pro 1 Myanmar က (၇၀) ရာခိုင်နှုန်း ထည့်ဝင်ထားပြီး ထိုင်းက SCG (Siam Cement Group) နဲ့ Global House တို့ ပူးပေါင်းထားတဲ့ Global International က (၃၀) ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်။
“သူတို့နဲ့ ကျွန်တော်တို့က အရင်ကတည်းက ရေရှည်ဆက်ဆံရေးရှိတယ်၊ နောက်တစ်ချက်က အပြန်အလှန်ပေါ့ နှစ်ဖက်စလုံး အကျိုးရဖို့ ရည်ရွယ်ချက်နဲ့ပေါင်းတာပေါ့” လို့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးထွေးက ပြောပါတယ်။
လက်ရှိအချိန်မှာ Pro 1 Global ဆိုင်ခွဲပေါင်း (၇) ဆိုင်ကို ရန်ကုန်မြို့ အပါအဝင် မန္တလေး၊ တောင်ကြီး (အေးသာ ယာ) နဲ့ မော်လမြိုင်မြို့ကြီးတွေမှာ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နဲ့ ပုသိမ်မြို့၊ ပဲခူးမြို့တွေမှာ တိုးချဲ့ဖွင့်လှစ်ဖို့ ရှိနေ တယ်လို့ ဦးမျိုးထွေးက ဆိုပါတယ်။
Pro 1 Global လက်လီလုပ်ငန်းအနေနဲ့ ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းထွန်းကားပြီး အလားအလာရှိတဲ့ နေရာဒေသတွေမှာ ဆိုင်ခွဲတွေ တိုးချဲ့ဖို့ ဆိုတဲ့နေရာမှာ မြေနေရာရရှိမှု၊ မြေဈေးနှုန်း ကြီးမြင့်မှုတွေက စိန်ခေါ် စရာနဲ့ အခက်အခဲတွေ ဖြစ်နေတယ်လို့ Pro 1 Global ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးထွေးက ပြောပြပါတယ်။
ဒီနေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ နိုင်ငံတော်ထံကနေ သက်သာတဲ့နှုန်းထားများနဲ့ နှစ်ရှည်ငှားရမ်းခွင့် ရရှိတာကြောင့် နိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့လည်း တန်းတူအခွင့်အရေးမျိုးလိုချင်တယ်လို့ သူကဆိုပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုနိုင်ငံသားလုပ်ငန်းရှင်တွေကျတော့ ဒီလိုမျိုးလုပ်ငန်းတွေလုပ်ဖို့က နေရာ ကျယ်ကျယ်ဝန်းဝန်း လိုအပ်တယ်။
ကျွန်တော်တို့လို နိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း နောက်တစ်ခု နောက်တစ်ခု ချဲ့တဲ့နေရာမှာ မြေကြီး ပိုင်ဆိုင်ဖို့က အရေးကြီးပြီး မြေဈေးနှုန်းကြီးနေတာက စိန်ခေါ်စရာလည်း ဖြစ်နေတယ်”
ဦးမျိုးထွေးက ဆက်လက်ပြီး “ကျွန်တော်တို့ နိုင်ငံသားလုပ်ငန်းရှင်တွေသာ ဒီလိုအခွင့်အရေးရမယ်ဆိုရင် နိုင်ငံ ခြားကုမ္ပဏီကြီးတွေ လာလည်း ယှဉ်ပြိုင်နိုင်တယ်” ဒီလို အခက်အခဲတွေအပြင် သူတို့လို ဆောက်လုပ်ရေးနဲ့ အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေအနေနဲ့ ပြည်ပကနေ တင်သွင်းရတဲ့ သွင်းကုန်တွေအပေါ်မှာသာ အဓိကမှီခိုနေရတာဖြစ်တာကြောင့်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှု မရှိတာကလည်း Supply Chain (ကုန်ပစ္စည်း ထုတ်လုပ်၊ ဖြန့်ချီခြင်း လုပ်ငန်းစဉ်)ကို စီစဉ်ရတဲ့နေရာမှာ အခက် အခဲရှိနေတယ်လို့ ဦးမျိုးထွေးက ဖြည့်စွပ်ပြောဆိုထားပါတယ်။
ဒါ့ကြောင့် “ကျွန်တော်တို့ လုပ်ငန်းက စားသောက်ကုန်ရောင်းဝယ်တဲ့လုပ်ငန်းမျိုး၊ ကုန်စုံဆိုင်လုပ်ငန်းမျိုးနဲ့မတူဘူး ပေါ့၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေက ဈေးနှုန်းအရမ်းကို ပြိုင်ဆိုင်မှုများပြီး အထိအခိုက်လည်း မခံဘူး။
နောက်တစ်ခုက ကျွန်တော်တို့လို လုပ်ငန်းတွေက ကုန်အရောင်းအဝယ်တိုင်း (Every Transaction) ကို Commercial Tax (ကုန်သွယ်လုပ်ငန်းခွန်)ပေးရတယ်၊ ပြီးတော့ ကျွန်တော်တို့က အရမ်းအကြီးကြီးရောင်းတာ မဟုတ်တဲ့အတွက် ကုန်သွယ်လုပ်ငန်းခွန် (၅)ရာခိုင်နှုန်းကိစ္စက ကျွန်တော်တို့အတွက် အရမ်းကို စိန်ခေါ်စရာဖြစ် တယ်” လို့ သူက အဆုံးသတ်ပြောပြခဲ့ပါတယ်။