မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲမှ ဒုတိယအုပ်ချုပ်ရေးမှူးအဖွဲ့တို့ နားလည်မှုစာချွန်လွှာ MoU ကို
ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းသည်မြစ်ကြီးနားမြို့နယ်နန်ကျင်ကျေးရွာအုပ်စု ပလနကျေးရွာအုပ်စုများတွင် တည်ရှိပြီး ၄၇၅၁ ဧက ကျော်ရှိကြောင်း၊ခန့်မှန်းကုန်ကျတန်ဖိုး တရုတ်ယွမ်ငွေ ကျပ်သိန်းပေါင်း ၁၈ဝဝဝ(မြန်မာကျပ်ငွေ ၃၇၂ ဘီလျံ)
အမေရိကန် ဒေါ်လာ ၂၇၃ ဒသမ ၄၄သန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားသည်။
စီမံကိန်းကို တရုတ်နိုင်ငံဘက်မှ ဟိန်ယုံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ လီမိတက် နှင့် ကချင်ပြည်နယ် စီးပွားဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့ကုမ္ပဏီလီမိတက် တို့ပူးပေါင်း၍ စုပေါင်းရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ(Joint Venture Company)ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း သိရသည်။
ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုတွင် ရှယ်ယာကို မြန်မာနိုင်ငံဘက်မှ အနည်းဆုံး ၅၁ရာခိုင်နှုန်းယူထားပြီး ၁ဝနှစ်ကြာ တည်ဆောက်ရန် လျာထားကြောင်းသိရသည်။
စီမံကိန်းကို ၂ဝ၁၈ ခုနှစ်ဇွန်တွင် အကောင်အထည်ဖော်ဆောင်ရန်ရည်ရွယ်ထားပြီးလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး မှ အကြံပြုရာတွင် တစ်ဖက်နိုင်ငံ ကုမ္ပဏီ၏ နောက်ခံ၊ငွေကြေးခိုင်မာမှု၊နိုင်ငံအပေါ်တာဝန်ကျေပွန်စေသည့်အချက်အလက်များကို သံရုံးများမှ
တစ်ဆင့်တောင်းယူမှတ်တမ်းတင်ရန်၊သီလဝါစက်မှုဇုန်အပြင်မင်္ဂလာဒုံစက်မှုဇုန်ကို လေ့လာရန်၊ပတ်ဝန်းကျင်မှ ချဉ်းကပ်ဖော်ဆောင်နိုင်မည့် လုပ်ငန်းငယ်များကိုပါထည့်သွင်းစဉ်းစားရန်၊ထိုင်းနှင့် ဗီယက်နမ်တို့ရှိ စက်မှုဇုန်များအား
အတုယူစရာများရှိနေပြီး လုပ်ငန်းသဘောအရ အရှုံးအမြတ်ကိုထည့်သွင်းတွက်ချက်ရန် စသည့် အကြံပြုချက်များ ပြောကြားခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်သည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့် ဆက်သွယ်ထားသည့် လီဒို လမ်းမကြီးကပြည်နယ်အလယ်ပိုင်းမှ ဖြတ်သန်းထားကြောင်း လက်ရှိတွင် တရုတ်နိုင်ငံ နှင့် ကချင်ပြည်နယ် တို့တရားဝင် အဓိက ဆက်သွယ်သည့်
ဝင်ပေါက်မှာ ကန်ပိုင်တည် ဝင်ပေါက်နှင့် လွယ်ဂျွယ်ဝင်ပေါက်၊ပန်ဝါဝင်ပေါက်တို့ကို အဓိကအသုံးပြုနေကြောင်း ထို့ပြင် လိုင်ဇာ၊မန်ဝိန်းကြီး ဝင်ပေါက်များကိုလည်း အသုံးပြုနေကြကြောင်းသိရသည်။