ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းနှင့်ဧရာဝတီမြစ် ဘေးတစ်လျှောက်ရှိ ပေ ၃,၅၀၀ ကျော်တွင် ဇုန်သုံးခုခွဲကာ အဆင့်မြင့်အပန်းဖြေစီမံကိန်းတစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်မြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျပြော ကြားချက်အရ ဖေဖော်ဝါရီလ၈ ရက်တွင်သိရသည်။
အဆိုပါ အပန်းဖြေ စီမံကိန်း ကိုဆူညံမှုရှိနိုင်သော စီးပွားရေးဇုန်၊ emi-Quiet Zone ,Quiet Zone စသဖြင့် ဇုန် သုံးခုခွဲထားပြီး လုပ်ငန်းရှင်များမှ BOT စနစ်ဖြင့်လုပ် ဆောင်ခြင်း၊ စည်ပင်သာယာရေးဘတ်ဂျက်ဖြင့်လုပ်ဆောင်ခြင်းနှင့် အလှူရှင်များ၏ ငွေကြေးဖြင့် လုပ်ဆောင်ခြင်း စသဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
"မြစ်ကမ်းရဲ့အလှလည်း မပျက်အောင် သဘာ၀ ထိန်း သိမ်းမှုလည်းပါအောင် ဆောင်ရွက်မှာပါ။ စီမံကိန်းနဲ့ပတ်သက်လို့ တစ်ဦးတစ်ယောက်ရဲ့သဘောမဟုတ်ဘဲ အများအကြံပြုချက်တွေ တောင်းခံထားပါတယ်။ ပြီးရင် တိုင်းဒေသကြီးအစိုး ရကိုတင်ပြပြီး ဘယ်လိုပုံစံနဲ့ဆောင် ရွက်မယ်ဆိုတာကို အတည်ပြုမယ်" ဟု ၎င်းကပြောသည်။
စီမံကိန်းတွင် တင်းနစ်ကွင်း၊ ဘိလိယက်၊ စားပွဲ တင်တင်းနစ်၊ ကြက်တောင်ရိုက်၊ ဘောလီဘော၊ ဘတ်စကက်ဘောကွင်း၊ ဖူဆယ်အားကစားကွင်း၊ ရေကူးကန်၊ ရေပေါ်ဈေး၊ ဆိပ်ခံတံတား၊ လှေဆိပ်၊ ကော်ဆီဆိုင်၊ ပြဇာတ်ရုံ၊ စတိတ်စင်နှင့် အခြားအပန်းဖြေစရာနေရာများ ပါဝင်ထားကြောင်း သိရသည်။ အပန်းဖြေစီမံကိန်း ကို ရန်ကုန်-ပြည်ကားလမ်းမှ စာတိုက်တန်းလမ်းအထိ ပေ ၃,၅၂၅ ပေ သတ်မှတ်ထားပြီး ကမ်းနားလမ်းကိုလည်း ၂၄ ပေအ ကျယ်တိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ ညဈေး နှင့် လမ်းဘေးဈေးသည်များအတွက် နေရာပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်မြို့ရှိ ကမ်းနားလမ်းသည် နိုင်ငံခြားသား ခရီးသွားများနှင့် ဒေသခံများအတွက် ပြယုဂ်တစ်ခုဖြစ် သောကြောင့် ကမ်းနားလမ်း အဆင့်မြှင့်တင်နိုင်ပါက ပြည်မြို့၏ အဓိကစိတ်ဝင်စားဖွယ်ရာနေရာတစ်ခုဖြစ်လာ နိုင်ကြောင်းနှင့် ပြည်မြို့တည်ရှိရာ သရေခေတ္တရာသည် ပုဂံခေတ် ထက်စော၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးနှင့် ယဉ်ကျေးမှုများ တိုးတက်ခဲ့သော ကြောင့် ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ် ယူစရာ ရှေးဟောင်း မြို့တော်ကြီးတစ်ခု ဖြစ်ကြောင်းသိရသည်။