လမ်းပိုင်းအကြီးစားအဆင့်မြှင့်တင်မှု ခြောက်လခန့် ကြာမြင့်မည်


07 December, 2020

ရန်ကုန်မြို့ပတ်ရထားလမ်း အရှေ့ခြမ်း နှင့် အနောက်ခြမ်း အဆင့်မြှင့်တင်မှု ခြောက်လ ခန့် ကြာမြင့်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

        ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်းဆောင်ရွက်မှု တစ်ခုဖြစ်သည့် အင်းစိန်ဘူတာမှ ကြည့်မြင်တိုင်ဘူတာ အထိလည်းကောင်း၊ တညင်းကုန်းဘူတာမှ ပုရွက်ဆိပ်ကုန်း ဘူတာအထိလည်းကောင်း အဆင့်မြှင့်တင်မှုများကို ဒီဇင်ဘာ ၂၁ ရက် တွင် တစ်ပြိုင်တည်း ဆောင်ရွက်နေပြီဖြစ်သည်။

        အဆိုပါ စီမံကိန်းဆောင်ရွက်မှုတွင် ရန်ကုန်မြို့ပတ်အရှေ့ခြမ်း အပိုင်း (၁) အဖြစ် တညင်းကုန်းဘူတာမှ ပုရွက်ဆိတ်ကုန်းဘူတာကို လည်းကောင်း၊ ရန်ကုန်မြို့ပတ် အနောက်ခြမ်းအပိုင်း (၂) အဖြစ် အင်းစိန်ဘူတာမှ ကြည့်မြင်တိုင်ဘူတာအထိလည်းကောင်း ခွဲခြားထားကြောင်း သိရသည်။

“ကျွန်တော်တို့ ရန်ကုန်မြို့ပတ်အရှေ့ ခြမ်းအပိုင်း လုပ်ငန်းကြာမြင့်ချိန်ကတော့ ခြောက်လ သတ်မှတ်ထားပါတယ်။ ပြီးဆုံးချိန်ကတော့ ၂၀၁၉ ခုနှစ် မေ ၃၁ရက်နေ့မှာ ပြီးဆုံးပါမှာဖြစ်ပြီး အတွင်းသံလမ်း (လက်ဝဲရစ်) ကို စတင်ပြုပြင်မှာပါ။ မိုင်အကွာအဝေးကတော့ ၇ ဒသမ ၂၅ မိုင်ရှိပြီး ဘူတာကတော့ ငါးဘူတာရှိပါတယ်။ အနောက်ခြမ်းပိုင်း လုပ်ငန်းကြာမြင့်ချိန်ကတော့ လေးလပါ။ ပြီးဆုံးမယ့် အချိန်ကတော့ ၂၀၁၉ ခုနှစ် မတ် ၃၁  ရက်ဆို ပြီးဆုံးမှာပါ။ အနောက်ခြမ်းအပိုင်း   ကတော့ အရင်ပြီးမှာပါ။ မိုင်အကွာအဝေးက ၅ ဒသမ ၅ မိုင်ရှိပြီး ဘူတာကတော့ ၁၀ ဘူတာ ရှိမှာပါ”

ဟု မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်း (အောက် မြန်မာပြည်) က ပြောကြားသည်။

        ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့် တင်ခြင်းစီမံကိန်းကို မြို့အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြားပြုပြင်နေခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အနောက်ဘက်ခြမ်း အဆင့်မြှင့်တင်ခြင်း စတင်ခဲ့ပြီး အနောက်ခြမ်း အဆင့်မြှင့်တင်မှု တွင် အင်းစိန်-တညင်းကုန်း ရထားလမ်းပိုင်း၏ လက်ဝဲရစ်လမ်းပိုင်းပြုပြင်မှုများမှာ စက်တင်ဘာကုန်တွင် ပြီးစီးခဲ့ပြီး လက်ယာရစ် လမ်းပိုင်းပြုပြင်မှုများ နိုဝင်ဘာလကုန်ပြီးစီးခဲ့ ခြင်းဖြစ်သည်။

        ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၏ အနောက်ခြမ်းပြုပြင်မှုများကို အေဝမ်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။

        ၁၉၅၈ ခုနှစ်တွင် ဖောက်လုပ်ခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းသည် နှစ် ၆၀ ခန့် ရှိပြီဖြစ်သော်လည်း လမ်းပိုင်းအကြီးစား ပြုပြင်ခြင်းလုပ်ငန်းကို ယခုနှစ်တွင်မှ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး  အဆိုပါလမ်းပိုင်းကို ဂျပန်အစိုးရချေးငွေ ဒေါ်လာ ၂၀၆ သန်းကျော်နှင့် နိုင်ငံတော်ဘတ်ဂျက် ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်မည်ဖြစ်သည်။

Local Read 58 times