ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု ပြီးစီးပါက ရထားလမ်းများရေမကျော်စေရန် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့မီးရထား လုပ်ငန်း တိုင်း (၇) မန်နေဂျာ ဦးဇော်လွင်၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းများကို ဦးစားပေး ပြင်ဆင်လျက်ရှိပြီး ယင်းလုပ်ငန်းများ ပြီးစီးပါက ရထားလမ်း ရေမကျော်စေရန် ပြုပြင်ခြင်း၊ ရထားလမ်းဖြတ်သည့် ရေမြောင်းကြီးများ၏ ကြံ့ခိုင်မှု စစ်ဆေးခြင်း၊ တံတားများပြင်ဆင်ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် ပုံမှန်ရထားအခေါက်ရေ ၂၂ဝ နေ့စဉ် ပြေးဆွဲပေးလျက် ရှိသော်လည်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ရထားအခေါက်ရေ ၂ဝ၉ ခေါက်သာ ပြေးဆွဲပေး နေကြောင်းနှင့် လက်ရှိတွင် ကြည့်မြင်တိုင်၊ ဘုရားလမ်းပိုင်းကို ပြင်ဆင်နေပြီး နှစ်လခန့်ကြာမြင့်မည် ဖြစ်သည်။
''ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို အဆင့်လိုက် လုပ်ဆောင်ရတာဖြစ်လို့ အချိန်ယူရပါမယ်။ ရထားလမ်းတေ ွပြင်ပြီးလို့ ရထားလမ်း ရေကျော်နေမယ်ဆိုရင် ပြင်တာအလကား ဖြစ်သွားမယ်။ ရေမကျော်ဖို့ လုပ်ငန်းတွေဆက်လုပ်ဖို့ရှိပါတယ်။ ရန်ကုန်မြို့ပတ်ရထား လမ်းတစ်ခုလုံးပြီးရင် အားကိုးအားထား ဖြစ်လာမယ့် ရထားသယ်ယူပို့ဆောင်ရေး စနစ်ကို အကောင်အထည် ဖော်နိုင်မှာပါ။ သူ့အပိုင်းနဲ့ သူဆောင်ရွက်နေတာပါ'' ဟု ဦးဇော်လွင်က ပြောသည်။
လက်ရှိ ရန်ကုန်မြို့တစ်ပတ်လျှင် ရထားပြေးဆွဲချိန် နှစ်နာရီနှင့်မိနစ် ၅ဝ ကြာမြင့်ပြီး အဆင့်မြှင့်တင်မှု လုပ်ငန်းများ အားလုံးပြီးစီးပါက မြို့တစ်ပတ်လျှင် တစ်နာရီနှင့်မိနစ် ၅ဝ သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
Source: Myawaddy