ဒေါ်လာ ၂ ဒသမ ၅ဘီလျံ ရင်းနှီးမြှုပ်နှံရမည့် ရန်ကုန်မီးရထားဘူတာကြီးဝင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ပြည်တွင်းအလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ဖန်တီးပေးနိုင်မည်ဖြစ်ပြီးစီမံကိန်း တည်ဆောက်မှု ရှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းအား ဦးစားပေးညှိနှိုင်းမှုပြုလုပ်ရန်ရွေးချယ်ခံခဲ့ရသည့် Central Transport Development (CTDC) မှ သတင်းထုတ်ပြန်ခဲ့သည်။
CTDC အား ကုမ္ပဏီသုံးခုပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပြီးယင်း Consortium တွင်မြန်မာနိုင်ငံမှ မင်းဓမ္မကုမ္ပဏီ မှ အစုရှယ်ယာရာခိုင်နှုန်း ၄ဝပိုင်ထားကာ ကျန်ရှယ်ယာ ၆ဝရာခိုင်နှုန်း အား စင်ကာပူအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့် တရုတ်အခြေစိုက် Sino Great Wall ကုမ္ပဏီတို့ ၃ဝရာခိုင်နှုန်းစီ ပိုင်ဆိုင်မည်ဖြစ်သည်။မင်းဓမ္မကုမ္ပဏီသည် မုတ္တမ ဟိုးလ်ဒင်း၏လက်အောက်ခံကုမ္ပဏီခွဲ ၂၃ခုအနက် တစ်ခုဖြစ်သည်။
CTDCအား ရန်ကုန်မြို့လယ်ခေါင်အချက်အချာနေရာရှိ ၂၅ဒသမ ရဟက်တာ(၆၃ ဒသမ ၅ဧက)ကျယ်ဝန်းသည့် ရန်ကုန်မီးရထားဘူတာရုံဧရိယာတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကျေနပ်ဖွယ်ရာအရှိဆုံးတင်ဒါအဆို တင်သွင်းသူအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ယင်းစီမံကိန်းမှ လက်ရှိအစိုးရလက်ထက်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အကြီးဆုံးသောအကျိုးတူပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်လာပြီး ရန်ကုန်မြို့ပြ အင်္ဂါရပ်အတွက် ထပ်တိုးလာမည့်
ဂုဏ်ယူဖွယ် အထင်ကရနေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး စီမံကိန်းတည်ဆောက်နေစဉ်အတွင်း ပြည်တွင်း အလုပ်အကိုင် တစ်သိန်းခန့်ကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ယင်းစီမံကိန်းပြီးစီးသွားပါက မြန်မာပြည်၏ ပထမဦးဆုံး TOD (Transit Oriented Development) အများပြည်သူသွားလာရေးအခြေပြု တည်ဆောက်မှုစီမံကိန်းဖြစ်လာမည် ဖြစ်သည်။
ယခုစီမံကိန်းတွင် မီးရထားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊အခြားသော အများပြည်သူအသုံးပြုနိုင်မည့် ဆက်သွယ်ရေး နည်းလမ်းများ ပေါင်းစုံ စုဝေးရာ ပို့ဆောင်ဆက်သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်လာမည့် အပြင် ဒီဇိုင်းအားဖြင့်လည်း ရှေးမူလက်ရာ ရန်ကုန်ဘူတာကြီးဟောင်းနှင့် ခေတ်သစ်လက်ရာဘူတာရုံအသစ်အား အချိုးကျနစွာပေါင်းစပ်ဖွဲ့စည်းထားရှိမည်ဖြစ်ကြောင်း သိရသည်။
အများပြည်သူတန်ဖိုးထားသည့် ၁၉၅၄ခုနှစ်က တည်ဆောက်ခဲ့သော လက်ရှိ ရန်ကုန်ဘူတာကြီးအဆောက်အအုံကိုလည်း ရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ၂၁ရာစု၏နောက်ဆုံးပေါ်လက်ရာတစ်ခုအဖြစ် အထင်ကရ ဖြစ်လာမည့် ဘဲဥပုံသဏ္ဌာန်အမိုးခုံးနှင့် မီးရထားဘူတာရုံအသစ်တို့ကိုလည်း မီးရထားလမ်းပေါ်တွင် အုပ်မိုး၍ ထပ်မံဆောက်လုပ်မည့် ဖြစ်ရာအဟောင်းနှင့် အသစ်တစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုနိုင်မည့် ထူးခြားလှပသည့်အဆောက်အုံတစ်ခုဖြစ်လာမည်ဖြစ်သည်။
ယင်းစီမံကိန်းသည် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ဒသမ ၉သန်း ကျယ်ဝန်းပြီး ဇုန်ခြောက်ခု ပါဝင်မည်ဖြစ်ကာ ယင်းဇုန်များတွင် တာဝါ နှစ်လုံး၊ရုံးခန်းအဆောက်အအုံများ၊အိမ်ရာများ၊ဟိုတယ်များနှင့် ဝန်ဆောင်မှုပါ တိုက်ခန်းများ၊ပန်းခြံနှင့် ပြတိုက်တို့ပါဝင်မည်ဖြစ်ပြီး တည်ဆောက်မှုအတွက် ခန့်မှန်းကြာမြင့်ချိန် ရှစ်နှစ်ဖြစ်သည်။
မုတ္တမ ဟိုးလ်ဒင်းလီမိတက်၏ ဥက္ကဋ္ဌနှင့် တည်ထောင်သူမြန်မာလုပ်ငန်းရှင် မှ ထိုကြီးမားသည့် စီမံကိန်းကြီးသည် ပြည်တွင်း တွင်ရှိသော ပြည်သူများ၊စီးပွားရေးလုပ်ငန်းများကိုပါ အခွင့်အလမ်းအသစ်များအား ဖန်တီးပေးသွားမည်ဖြစ်သည်။
ထိုစီမံကိန်းအသစ်မှ နိုင်ငံတကာနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပါဝင်သည့် စီမံကိန်းတစ်ခုဖြစ်လာမည်ဟုလည်း ယုံကြည်ထားကြောင်း သိရသည်။
Source:Daily Eleven