ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့အကြို ဖွင့်လှစ်မည့် ရခိုင်ပြည်နယ်တွင် တံတားကြီး လေးစင်းရှိပြီး ကြပ်စင်တံတားလည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ရခိုင်ပြည်နယ် (မင်းပြား-မြေပုံ) မြို့ရွာချင်းဆက်လမ်းအား ကြပ်စင်တံတား ဖွင့်လှစ်ပွဲအမီ ကတ္တရာလမ်း အပြီးခင်းပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
သို့ရာတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လမ်းဦးစီးဌာနအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အဆိုပြု လျာထားရန်ပုံငွေမှာ နည်းပါးသောကြောင့် မြေပုံ-မင်းပြား လမ်းပေါ်ရှိ ကြံ့ခိုင်မှုအားနည်းသော သစ်သားတံတားများကို သံကူကွန်ကရစ် တံတားအဖြစ် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်ရှိသည့် လမ်းပိုင်း ၁၅ မိုင် ၂ ဖာလုံအား ကြပ်စင်တံတား ဖွင့်ပွဲအမီ ကတ္တရာလမ်းအဖြစ် အပြီးသတ် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေများ တင်ပြတောင်းခံ သွားမည်ဖြစ်ပြီး ရန်ပုံငွေ ခွဲဝေရရှိမှုပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါ ကြပ်စင်မြစ်ကူးတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ နိုဝင်ဘာ ၂၃ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့်အဖွဲ့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် မြေပုံ-မင်းပြား ကားလမ်းပေါ်တွင် ၂၀၁၄ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ကြပ်စင်မြစ်ကူးတံတား စီမံကိန်းမှာ စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ ၈၇ ရာခိုင်နှုန်း ပြီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြပ်စင်တံတားမှာ မြေပုံ-မင်းပြားကားလမ်း (မင်းပြားမြို့နယ်အပိုင်း) မိုင်တိုင် အမှတ် ၂၂/၄-၂၃/၁ အတွင်းတည်ရှိပြီး၂၀၁၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ သံမဏိသံပေါင် သံကူကွန်ကရစ်ရက်မ၊ သံကူကွန်ကရစ် ကြမ်းခင်း၊ တံတားအပေါ်ထည် သံကူကွန်ကရစ်၊ အောက်ခံထည် သံကူကွန်ကရစ် ဘိုးပိုင်ဖြစ်ပြီး တံတားအရှည်မှာ ပေ ၁၉၂၀ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။