အိမ်ခြံမြေ ကဏ္ဍ နှင့် ပတ်သက်သည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းအပြောင်းအလဲများကြောင့် ယခင်နှစ်များက ရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့သော အိမ်ခြံမြေကဏ္ဍတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍနှစ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်အထိပြန်လည် တိုးတက်လာကြောင်း သိရသည်။
အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ၂ဝ၁၄ ခုနှစ်မ ၂ဝ၁၇ အထိ ဘဏ္ဍာနှစ်သုံးနှစ်ကာလအတွင်း ဘဏ္ဍာနှစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော်အထိသာ ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ၁၂၆၁ ဒသမ ၉၇၇ သန်းအထိပြန်လည် မြင့်တက်ခဲ့သည်။
၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ခဲ့သော ကုန်ထုတ်လုပ်မှု ကဏ္ဍပြီးလျှင် အိမ်ခြံမြေ ကဏ္ဍသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံး ကဏ္ဍဖြစ်ခဲ့သည်။
ပြည်တွင်း အိမ်ခြံမြေ ကဏ္ဍသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြန်တက်လာသော်လည်း ပြည်တွင်းလုပ်ငန်းရှင်များ၏ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေ လုပ်ငန်းများသည် ကျဆင်းလျက်ရှိပြီးဆောက်လုပ်ရေးလုပ်ငန်းအလတ်စား ကုမ္ပဏီအချို့ပင် လုပ်ငန်းများ ရပ်ဆိုင်းကာ အခြားလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မြေဈေးကြီးမြင့်ခြင်း၊နည်းဥပဒေများအားနည်းခြင်းနှင့် ပြည်ပ လုပ်ငန်းရှင်များကို အကာအကွယ်ပေးနိုင်မှုအားနည်းခြင်းတို့ကြောင့် အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းရခြင်းဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များ မှ ပြောဆိုသည်။