စုပေါင်းပိုင်အဆောက်အအုံဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင် စုပေါင်းပိုင်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားသော ၆ထပ်နှင့် အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံကို ဆိုသည်။
ယင်းစကားရပ်တွင် စုပေါင်းပိုင်သူများ အသုံးပြုရန် စီမံထားရှိသည့် စုပေါင်းပိုင် ပစ္စည်းနှင့် အိမ်ခန်းများလည်း ပါဝင်သည်။
စုပေါင်းပိုင်မြေဆိုသည်မှာ စုပေါင်းပိုင်အဆောက်အအုံနှင့် စုပေါင်းပိုင်ပစ္စည်းတည်ရှိသော စုပေါင်းပိုင်သူအားလုံးမှ တည်ဆဲဥပဒေနှင့်အညီ အကျိုးသက်ဆိုင်သည့် မြေနှင့် မြေကွက်လပ်တို့ကို ဆိုလိုသည်။
စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံများကို ဤဥပဒေနှင့် အညီ မှတ်ပုံတင်ရမည်။
၁။တည်ထောင်သူသည် သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေတွင်သာ စုပေါင်းပိုင်အဆောက်အအုံ ကိုဆောက်လုပ်ရမည်။
၂။စုပေါင်းပိုင်အဆောက်အအုံဆောက်လုပ်ရန် အလို့ငှာ စုပေါင်းပိုင်မြေအဖြစ်မှတ်ပုံတင်လိုသည့် မြေသည်-
(က) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိရမည့်အပြင် ပိုင်ဆိုင်ခွင့်လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
(ခ)မြေလက်ရှိပိုင်ဆိုင်သူက သက်ဆိုင်ရာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စုပေါင်းပိုင်မြေ အဖြစ် ပိုင်ဆိုင်ခွင့်လွဲှပြောင်းပေးပြီးဖြစ်ရမည်။
(ဂ)မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာ အစိုးရဌာန၊အစိုးရအဖွဲ့အစည်းက သတ်မှတ်ထားသည့် အချက်များနှင့် အညီဖြစ်ရမည်။
(ဃ)မြေဧရိယာ အနည်းဆုံးစတုရန်းပေ ၂ဝ,ဝဝဝနှင့် အထက်ရှိရမည်။
၃။ဝန်ကြီးဌာနသည် စုပေါင်းပိုင်မြေ အဆောက်အအုံတစ်ခုဖြစ်ရန် သတ်မှတ်အထပ်အရေအတွက်၊အိမ်ခန်း အရေအတွက်၊လုံလောက်သော ယာဉ်ရပ်နားရန် နေရာနှင့် စုပေါင်းပိုင်သူများ အသုံးပြုရန် စီမံထားရှိရမည့်စုပေါင်းပိုင်ပစ္စည်းများနှင့်
ယင်းအဆောက်အအုံများနှင့် ပစ္စည်းများ၏ နည်းပညာအဆင့်အတန်း၊လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများအပါအဝင်လိုအပ်သည့် စံချိန်စံညွှန်းများကို သတ်မှတ်ထားရမည်။
၄။ (က)ဤဥပဒေအာဏာမတည်မီက ဆောက်လုပ်ပြီးစီးသောအဆောက်အအုံ သို့မဟုတ် ဆောက်လုပ်ဆဲဖြစ်သော စုပေါင်းပိုင်အဆောက်အအုံများသည် ဤဥပဒေပါပြဋ္ဌာန်းချက်ပုဒ်မ ၉ နှင့် ၁ဝ တို့နှင့် အညီ မှတ်ပုံတင်ရန် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။
(ခ)သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ(က)အရလျှောက်ထားသည့် စုပေါင်းပိုင် အဆောက်အအုံကို ဤဥပဒေအရမှတ်ပုံတင်ပေးနိုင်ရန် ခွင့်ပြုခြင်း၊ငြင်းပယ်ခြင်း၊လိုအပ်သည့် အချက်များကိုပြင်ဆင်ဆောင်ရွက်ရန် ညွန်ကြားခြင်းပြုနိုင်သည်။
၅။ (က)စုပေါင်းပိုင်အဆောက်အအုံတည်ထောင်သူအဖြစ်လုပ်ကိုင်လိုသူသည် သတ်မှတ်ထားသည့် အနည်းဆုံးမတည်ငွေရင်းရှိရမည့်အပြင် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်ထားရမည်။
(ခ)သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ(က)အရလုပ်ငန်းလိုင်စင်လျှောက်ထားချက်ကို စိစစ်၍ သတ်မှတ်ချက်များနှင့် ညီညွှတ်ပါက လုပ်ငန်းလိုင်စင်ကြေးပေးဆောင်စေပြီး စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူအား လုပ်ငန်းလိုင်စင်ထုတ်ပေးရမည်။သို့မဟုတ် သတ်မှတ်ချက်များနှင့် မညီညွှတ်ပါက လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းဆိုနိုင်သည်။
(ဂ)တည်ထောင်သူသည် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်လိုပါက သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ သို့လျှောက်ထားနိုင်သည်။
၆။ (က)တည်ထောင်သူသည်စုပေါင်းပိုင်အဆောက်အအုံကိုတည်ထောင်လိုပါက စုပေါင်းပိုင်မြေနှင့် အဆောက်အအုံတစ်ခုဖြစ်ရန်လိုအပ်သော အထောက်အထားများနှင့် အတူ မြေနှင့် အဆောက်အအုံပုံစံ၊စုပေါင်းပိုင်မြေနှင့်
အဆောက်အအုံတွင်ပါရှိမည့် စုပေါင်းပိုင် ပစ္စည်းများနှင့် မူလ အချိုးသင့် ပိုင်ဆိုင်မှု အစုတန်ဖိုးတို့ကို ပူးတွဲ တင်ပြ၍ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ သို့လျှောက်ထားရမည်။
(ခ)သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသည် ပုဒ်မခွဲ(က)အရတင်ပြလျှောက်ထားချက်အပေါ်ခွင့်ပြုချက်ကိုထုတ်ပေးခြင်းသို့မဟုတ်ငြင်းပယ်ခြင်းပြုနိင်သည်။
၇။ တည်ထောင်သူသည်-
(က)ပုဒ်မ၁၄အရထုတ်ပေးသောခွင့်ပြုချက်ရရှိပါကသက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ပြီး သောစုပိုင်းပိုင်မြေတွင်စုပေါင်းပိုင်အဆောက်အအုံကိုသတ်မှတ်ချက်များနှင့်အညီဆောက်လုပ်ရမည်။
(ခ)စုပေါင်းပိုင်အဆောက်အဦ၏၄၀ရာခိုင်နှုန်းထက်မပိုသောအိမ်ခန်းများကိုနိုင်ငံခြားသားများအားဤဥပဒေနှင့်အညီရောင်းချနိုင်ခွင့်ရှိသည်။
(ဂ) ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် နိုင်ငံတော်ကိုယ်စား အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း သို့မဟုတ် စည်ပင်သာယာရေးကော်မတီ သို့မဟုတ် စည်ပင်သာယာရေး အဖွဲ့တစ်ခုခု မှ
ထိန်းသိမ်းစောင့်ရှောက်ခွင့် ပြုထားသော မြေတစ်ခုခုအပေါ်တွင် စုပေါင်းပိုင်အဆောက်အအုံကို ဤ ဥပဒေနှင့်အညီ တည်ထောင်ဆောက်လုပ်နိုင်သည်။