နွယ်တမယ် တံတားအား သံကူကွန်ကရစ် နှစ်လမ်းသွားတံတား


12 December, 2019

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မင်းဘူးစလင်း-ဆင်ဖြူကျွန်း-တညောင်-ဆိပ်ဖြူ ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၄၅/၁ မိုင် နှင့် ၄၅/၃ မိုင်ကြား စလင်းချောင်း ကိုဖြတ်၍ ဆင်ဖြူကျွန်းမြို့နှင့် နွယ်တမယ်ကျေးရွာကို ဆက်သွယ်ထားသော နွယ်တမယ်

တံတားအား သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအသစ် တည်ဆောက်လျက်ရှိကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံရုံးမှ သိရသည်။

 

လက်ရှိအသုံးပြုနေသော တံတားမှာ အရှည်ပေ ၁၀၀၀၊ ယာဉ်သွားလမ်းအကျယ် ၁၂ ပေခွဲ တစ်လမ်းသွားသံပေါင်သုံးခု ပါ ဘေလီတံတားအမျိုးအစားဖြစ်၍ ၁၉၉၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သော တံတားဖြစ်သည်။ ယာဉ်သွားလမ်းကျဉ်း မြောင်းပြီး အချက်ပြမီး စနစ်ဖြင့် တစ်စီးပြီးမှတစ်စီးနေ့စဉ်ယာဉ် အစီးရေ ၅၀၀ ကျော်ဖြတ်သန်းသွားလာနေသော အညာဒေသ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျ နေရာဖြစ်သော ကြောင့်တံတားသစ်တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါတံတားသစ်ကိုအရှည်ပေ ၁၄၂၀၊အကျယ်ပေ ၃၀။ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း အကျယ် ၃ ပေနှစ်ဖက်ပါ၊ အောက်ခံအုတ်မြစ် 1.5 m Bored Pile တံတားကိုယ်ထည် သံကူကွန်ကရစ် ကမ်းကပ်ခုံနှင့်ရေလယ်တိုင်တံတားအပေါ်ထည် 100' PC Girder သံကူကွန်ကရစ်ကြမ်းခင်းနှင့်လက်ရန်းတို့ပါဝင်ကာ ခွင့်ပြုယာဉ်အလေးချိန်၊ ခံနိုင်ဝန်အားတန်ချိန် ၆ဝ ၊ တံတားခန်းဖွင့် ပေ ၁ဝဝ ၁ဝ ခန်း၊ပေ ၆ဝ ခုနစ်ခန်းဖြင့် တည်ဆောက်မည်ဖြစ်ပြီးလက်ရှိ ၂၀၁၈၂၀၁၉ ဘဏ္ဍာနှစ်ရရှိ ရန်ပုံငွေကျပ်သန်း ၃ဝဝ ဖြင့် ဆားဗေး တိုင်းတာခြင်း၊ မြေနေရာရှင်းလင်းစမ်းသပ်ခြင်းနှင့် အောက်ခံ အုတ်မြစ် ၁၀ လုံးကို စတင်ဆောင်ရွက်လျက်ရှိကြောင်း တည်ဆောက်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) အင်ဂျင်နီယာ ဦးညီညီဇော်က ပြောသည်။

 

တံတားသစ်တည်ဆောက်နေချိန်တွင် ချောင်းအောက်ဘက်၌ ယာယီလမ်းလွှဲ ဘေလီတံတားနှင့် မြေသားတာပေါင်ချဉ်းကပ်လမ်းတို့ဖြင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရန် စီမံတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တံတားသစ်တည်ဆောက်ပြီးစီးပါက ဆင်ဖြူကျွန်းဒေသထွက် ကုန်များစလင်း -မင်းဘူး- မကွေး- ရန်ကုန်နှင့် ဆိပ်ဖြူ - ချောက်မန္တလေး- မူဆယ်မြို့များသို့ ကုန်စည် စီးဆင်းမှုမြန်ဆန်လာပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Infrastructure and Zones Read 95 times