ရန်ကုန်မြို့ရှိ အိမ်ငှားခများ ဈေးလျော့ကျနေ


14 November, 2020

လူလတ်တန်းစားအများစုနေထိုင်သည့် ရန်ကုန်မြို့ရှိမြို့နယ်အချို့မှ တိုက်ခန်းအထပ်မြင့်များ၏ငှားရမ်းခနှုန်းထားများမှာ ယခုနှစ်အတွင်းလျော့ကျလာကြောင်း သက်ဆိုင်ရာရပ်ကွက်များအတွင်းရှိအိမ်၊ခြံ၊မြေအကျိုးဆောင်များထံမှ သိရသည်။

တိုက်ခန်းများအများဆုံးဆောက်လုပ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်တွင် အထပ်မြင့်များဖြစ်သည့် ငါးလွှာ၊ခြောက်လွှာအခန်းများမှာ ယခင်ထက်အနည်းဆုံး ကျပ်တစ်သောင်းမှ ကျပ်သုံးသောာင်းအထိစျေးနှုန်းကျဆင်းလာကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်၊ခြံ၊မြေအကျိုးဆောင်ထံမှ သိရသည်။

မှတ်တိုင်နှင့်နီးသော နေရာ စျေးနှင့်နီးသောနေရာများ စျေးမကျပေမဲ့ စျေးတိုးတောင်းသည်လည်း မတွေ့ရကြောင်း သိရသည်။

ယခုစျေးကျခြင်းမှာ နည်းနည်းချောင်ကျသည့်နေရာနှင့် အခန်းကျဉ်းသည့်နေရာများသည် သုံးသောင်းခန့်အထိစျေးကျ ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိတိုက်ခန်းစျေးနှုန်းများမှာ ခြောက်လွှာ၊ငါးလွှာကို ယခင်ကတစ်လငှားရမ်းခကျပ်တစ်သိန်းနှစ်သောင်းရှိခဲ့ပြီး ယခုအခါကိုးသောင်းနှင့် တစ်သိန်းကြားတွင် ရှိကာ သုံးလတစ်ခါပေးဖြင့်အိမ်စာချုပ်များချုပ်ဆိုကြကြောင်း၊အလားတူတောင်ဥက္ကလာပနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)တို့တွင်လည်း တိုက်ခန်းစျေးနှုန်းများမှာ အနည်းငယ်စီစျေးကျဆင်းကြောင်းတောင်ဥက္ကလာပ မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်ထံမှ သိရသည်။

တောင်ဥက္ကလာပတွင် ၁၈ပေ×၅၄ပေအခန်းများ၏စျေးနှုန်းမှာ ယခင်က တစ်သိန်းရှစ်သောင်းရှိရာမှ ယခုဆိုလျှင် တစ်သိန်းခုနှစ်သောင်းနှင့် စာချုပ်ချုပ်ကြကြောင်း သိရသည်။

ထိုကဲ့သို့မြို့တွင်းနှင့် အနည်းငယ်အလှမ်းဝေးသည့် နေရာများတွင် စျေးနှုန်းကျဆင်းသော်လည်း မြို့လယ်ခြောက်မြို့နယ်နှင့် ဗဟန်း၊စမ်းချောင်းမြို့နယ်တို့ရှိတိုက်ခန်းများမှာ အရောင်းအဝယ်အေးနေပြီး အငှားစျေးနှုန်းများမှာ စျေးမြင့်နေကြောင်း စမ်းချောင်းမှ အိမ်ခြံမြေအကျိုးဆောင်ထံမှ သိရသည်။

လက်ရှိတွင် တန်ဖိုးနည်းတိုက်ခန်းများဆောက်လုပ်လာသည့်အတွက် အိမ်ခြံမြေအရောင်းအဝယ်မှာ အေးစက်နေပြီး တိုက်ခန်းအငှားစျေးနှုန်းများမှာ လွန်ခဲ့သည့် နှစ်နှစ်နှင့် နှိုင်းယှဉ်ပါက ၃ဝရာခိုင်နှုန်းနီးပါး စျေးကျဆင်းသွားကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အလုပ်အမှုဆောင်မှ ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် အိမ်ခြံမြေတွင် ဝင်ရောက်မှုနည်းပါးနေးသေးပြီး စျေးလည်းကျနေကြောင်းသိရသည်။

The Voice

Real Estate & Properties Read 74 times