အိမ် မြေ တိုက်ခန်းများအား ဝယ်ဖို့စရန်ပေးပြီးလျှင် ထပ်မံ ပြန်ရောင်းလို့ ရလား


03 December, 2020

ထိုပြဿနာမျိုး အများကြီးဖြစ်နေသည်။စရန်ပေးတယ်ဆိုတာ အာမခံထားတဲ့ သဘောပင်။

ပစ္စည်းရောင်းသည့် သူက အဲဒီပစ္စည်းကို နောက်တစ်ယောက်ထံ ထပ်မံမရောင်းဖို့ ပစ္စည်းဝယ်သူကလည်း ကတိမပျက်ငွေချေဖို့ဆိုတဲ့ အာမခံ သဘောတင်ထားတာပဲဖြစ်သည်။

ဒါနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိသည်။တရားရုံးချုပ်မှ  ဆုံးဖြတ်ထားေဦးမြမောင်နှင့် ဦးဝမ်စွိပါ ခုနစ်ဦး၊ ဦးတင်ဦးပါ ရှစ်ဦး၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၁၅ အမှုမှာ-

အိမ်နှင့် မြေအ ရောင်းအဝယ် ကတိစာချုပ်တွင် ဝယ်သူမှ စရန်ငွေပေးချပြီးနောက်တွင် ရောင်းသူများ၏ ပျက်ကွက်မှုကြောင့် အရောင်းအဝယ်အထမ မြောက်ပါကလည်းကောင်း၊ တခြားတစ်ဦးဦးအားလွှဲပြောင်းရောင်းချလျှင်သော်လည်းကောင်း၊

ရောင်းသူများက ဝယ်သူ၏ နစ်နာကုန်ကျစရိတ်များနှင့် ဝယ်သူထံမှ ကြိုတင်ရယူထားသော စရန်ငွေ၏ နှစ်ဆကိုဝယ်သူသို့ ရောင်းသူက ပေးလျော်ရန်နှစ်ဦးနှစ်ဖက်သဘောတူ ကြောင်း စည်းကမ်းချက် တစ်ရပ်ပါ ရှိသည်။

ယင်းစည်းကမ်းချက်မှာ ရောင်းသူက အရောင်းအဝယ်ပဋိညာဉ်ကို ပျက်ကွက်မှုမရှိစေရန် အတွက်အာမခံချက်တစ်ရပ်အဖြစ် ထည့်သွင်းထားခြင်းဖြစ်သည်။

အရောင်းအဝယ် ကတိစာချုပ်ချုပ်ဆို ခြင်းမှာ ဝယ်သူက အရောင်းအဝယ်ပြုလုပ်လိုသည့် ပစ္စည်းကို ရယူလိုသဖြင့် အဖိုးစားနားပေးကာ ဝယ်ယူခြင်းဖြစ်သည်။

ရောင်းသူကလည်း အရောင်းအဝယ်ပြုသည့် ပစ္စည်းကို အဖိုးစားနားဖြင့် ဝယ်သူအား လွှဲပြောင်းရောင်းချရန် ဖြစ်သည်။

ဝယ်သူက ရောင်းသူထံ လျော်ကြေးတောင်းရန် ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခြင်းမဟုတ်ကြောင်း ဖော်ပြထားပါသည်။

ထိုကြောင့် စရန်ငွေကြေးဟာ ပစ္စည်းကို ပိုင်ဆိုင်ခွင့်မရရှိသေးဘဲ တစ်ပါးသူအားမရောင်းရန် ဦးစွာဝယ်ထားသူအဖြစ် အာမခံထားတဲ့ သဘောပင်ဖြစ်သည်။

 ပေ ၂ဝx ပေ ၆ဝ မြေ တစ်ကွက်ကိုဝယ်ပြီး အိမ်ဆောက် လိုက်သည် ဆိုပါစို့။ မူလကတော့ ပေ ၄ဝx ပေ ၆ဝ မြေကွက်ပေါ့။ မြေ ရောင်းတဲ့သူက ရှေ့ဘက်က ပေ ၂ဝx ပေ ၆ဝ မှာ အိမ်ဆောက် ထားပြီးနေတယ်။

မြေရောင်းတဲ့သူ အပြောကတော့ မြေပိုင်ရှင်ကို စရန်ငွေပေးပြီးသား ကျန်ငွေကို ယခုရောင်းလို့ရတဲ့ငွေနဲ့ အပြီးချေမယ်ပြောတော့ ယုံပြီး ဝယ်လိုက်တာပေါ့။ မကြာဘူး။

မြေပိုင်ရှင်ဆိုတဲ့ သူကရောက်လာပြီး၊ ကျူးကျော်အိမ်ဆောက် လုပ်နေထိုင်တယ်လို့ စွပ်စွဲပြောဆို တော့တာပဲ။

ထို ပြဿနာ ကို ကြည့်မည်ဆိုပါက ''မြေကွက်ကို လက်ညှိုးထိုး ရောင်းသွားတဲ့ သူက ကျန်တဲ့ငွေမချေလို့ ဖြစ်နိုင်သည် မဟုတ်လား"

စရန်ငွေပေးထားရုံနဲ့ ဝယ်လိုက်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ခွင့် မရသေးဘူး။ လွှဲပြောင်း ရောင်းပိုင် ခွင့်မရှိဘူး။ အဲဒီလို စီမံခန့်ခွဲလုပ်ပိုင်ခွင့် မရှိဘဲ တစ်ပါးသူကို ယုံ ကြည်အောင်ပြောဆိုပြီး ပစ္စည်းကို

လွှဲပြောင်းရောင်းချခြင်းဟာ လိမ်လည်လှည့်ဖြားတဲ့ သဘောဖြစ်လို့ ချုပ်ဆိုထားတဲ့ အိမ် မြေအရောင်း အဝယ်ကတိစာချုပ်ကလည်း ပျက်ပြယ်သွားပြီဖြစ်သည်။

 ရောင်းတဲ့သူထံ ရောင်းဖိုးငွေနဲ့ နစ်နာကြေး တောင်းပိုင်ခွင့်ရှိတယ်။ ဒါကြောင့် မြေ အိမ် တိုက်ခန်းစတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် ပိုင်ရှင်အစစ်အမှန် ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ဝယ်ယူသင့်သည်။

တချို့ G.P တို့ S.P တို့ ရထားတယ်ဆိုတဲ့ ကိစ္စရပ်တွင်ထိုကိစ္စသည်လည်း  ပြဿနာဖြစ်တတ်တဲ့ ကိစ္စရပ်တစ်ခုထဲမှာပါသည်။တစ်ခါတစ်ရံမှာ အိမ် ခြံ မြေရောင်းချသူတွေဟာ ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြစ်ပေမယ့်

အဲဒီရိုးသားမှုအပေါ် အ ခွင့်ကောင်းယူသွားတတ်တဲ့ ဝယ်လက်တွေလည်းရှိတတ်သည်။

ဝယ်သူက ရောင်းဖိုးငွေစရန်ပေးပြီးတာ နဲ့  မြေရှင်၊ အိမ်ရှင်က အထူးကိုယ်စားလှယ်လွှဲစာ S.P ပဲ ဖြစ်ဖြစ်၊ အထွေထွေ ကိုယ်စားလှယ် လွှဲစား G.P ပဲ ဖြစ်ဖြစ်လွှဲပေးထားပါဆိုပြီး တောင်းဆို တတ်တယ်။

ရန်ကုန် မြို့တော် စည် ပင်သာယာရေး ကော်မတီ (မြေ ယာ) ဌာနမှာ အရောင်းမြေပုံ ထုတ်ရန်အတွက် မြေရှင်က မိမိ ကိုကိုယ်စားလှယ် စာလွှဲပေးထားပါ၊လာရန် မလိုအပ်ပါဘူးဆိုတဲ့

အပြောဆိုမျိုးတွေနဲ့ မြေအိမ်တိုက်ခန်း ပိုင်ရှင်တို့ထံမှ ကိုယ်စားလှယ်လွှဲစာရအောင် တောင်းယူတာတွေတော့ ရှိသည်။

''ကိုယ်စားလှယ်လွှဲစာရ သွားသည့်အတွက်သူ့ကိုယ်စား လုပ်ပိုင်ခွင့်ရသွားသည်ပေါ့"

 စရန်ပေးပြီး ကိုယ်စားလှယ်လွှဲစာ ရအောင်ယူထားလိုက်သည့် အတွက် မြေပိုင်ရှင် အိမ်ပိုင်ရှင်ကိုယ်စား စရန်ပေး ဝယ်ထားတဲ့ ပစ္စည်းကို လွှဲ ပြောင်းရောင်းချပိုင်ခွင့်ရသွားမှာပဲ ဖြစ်သည်။ ဒါကြောင့် ငွေအကြေရ ပြီးမှသာ ကိုယ်စားလှယ်လွှဲစာကို လွှဲအပ်ပေးသင့်ကြောင်း အထူး သတိပြုဖို့လိုအပ်သည်။

''ရောင်းပိုင်ခွင့်မရှိတဲ့သူဆီက ဝယ်ရင် ဒီမြေနဲ့ အိမ်က ပိုင် ဆိုင်ခွင့်မရနိုင်တော့ဘူးပေါ့နော်''

စရန်ငွေပေးရုံနဲ့မဟုတ်ဘူး။ ငွေအကြေပေးချေပြီး တရားဝင် မှတ်ပုံတင်အရောင်းအဝယ်မလုပ်တဲ့အတွက် လက်လွတ်ဆုံးရှုံးရတဲ့ ကိစ္စတွေလည်း မနည်းဘူးရှိသည်။ဒါနဲ့ ပတ်သက်လို့ ဗဟုသုတအဖြစ် တရားရုံးချုပ် ဆုံးဖြတ်ထားတဲ့ ...

ဦးစစ်အေးပါ သုံးဦးနှင့် ဦးကျင်ရွှေ ၁၉၈၉ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၄ အမှုမှာ

- ဦးကျင်ရွှေက မိမိပိုင်သည့် အချင်းဖြစ်မြေနှင့် အိမ်ကို ယောက်ဖဖြစ်သူ ဦးအောင်အား အခမဲ့ နေထိုင်ခွင့်ပေးခဲ့သည်။
- ထို့ နောက် ဦးအောင်နှင့်အတူ လာ ရောက်နေ ထိုင်သူ ဦးစစ်အေးအား လည်း အခမဲ့နေထိုင်ခွင့်ပြုခဲ့သည်။
- ဦးအောင်ပြောင်းရွှေ့သွားသဖြင့် ဦးအောင်နှင့် ဆက်နွယ်နေထိုင်သူ ဦးစစ်အေးအပေါ် မြေနှင့် အိမ်မှ ဖယ်ရှားပေးရန် စွဲဆိုခဲ့ရာ
- တိုင်းတရားရုံးတော်က အနိုင်ဒီကရီချ မှတ်ပေးခဲ့သဖြင့် ဦးစစ်အေးမှ တရားရုံးချုပ်သို့ အယူခံဝင်လာ သော အမှုဖြစ်သည်။

ဦးစစ်အေးတို့က ထုချေသည်မှာ အချင်းဖြစ်မြေနှင့်အိမ်ကို ဦးကျင်ရွှေထံမှ ဦးအောင်နှင့်အတူ ဝယ်ထားသော အိမ်ဖြစ်ကြောင်း အရောင်းအဝယ် ကတိစာချုပ်ကို တင်ပြ၍ ထုချေသည်။

တရားရုံးချုပ်က ဆုံးဖြတ်သည်မှာ

- ဦးကျင်ရွှေသည်အချင်းဖြစ်မြေနှင့် အိမ်ကို ဦးအောင်နှင့် ဦးစစ်အေးအား ရောင်းခဲ့သည်ဆိုသော်လည်း
- တင်ပြသည့် အရောင်းအဝယ် ကတိစာချုပ်မှာ တံဆိပ် ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့်အပြင်
- မှတ်ပုံတင်စာချုပ် စာတမ်းမဟုတ်ကြောင်းတွေ့ရသည်။
- မှတ်ပုံတင်ထားခြင်းမရှိသည့် စာချုပ်အရ ဝယ်ယူခဲ့ခြင်းဖြစ်၍ အချင်းဖြစ်မြေနှင့် အိမ်၏ ပိုင်ရှင် မဟုတ်ချေ''ဟု ဆုံးဖြတ်ခဲ့ပါသည်။

ထိုကြောင့် အိမ် မြေ ဝယ်ရင် သေချာလေ့လာပြီးမှ ဝယ်သင့်ကြောင်း အကြံပြုလိုက်ရသည်။

#Myanmar Builders Guide

Tips Read 139 times