နိုင်ငံတာဝန်ထမ်းဆောင်ပြီးအငြိမ်းစားယူသွားသည့်ဝန်ထမ်းများနေထိုင်နိုင်ရန်နေအိမ်၊ တိုက်ခန်းများ အရစ်ကျ ရောင်းချမည့်အစီအစဉ်ဇွန်လပထမပတ်မှစတင်ကာသုံးလအတွင်းတိုင်းနှင့် ပြည်နယ် အားလုံးတွင် တစ်ပြေးညီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမှ ပြောကြားသည်။
အငြိမ်းစားများအတွက်နေအိမ်၊ တိုက်ခန်းများ ရောင်းချပေးမည့်အစီအစဉ်နှင့်ပတ်သက်၍ မေလ ၁၂ ရက်နေ့က လပွတ္တာမြို့ရှိရွေးနဒီခန်းမ၌ကျင်းပခဲ့သည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပွဲတွင်ပြည်ထောင်စုဝန်ကြီးကပြော ကြားခဲ့ခြင်းဖြစ်သည်။
အငြိမ်းစားယူပြီးသည့်နိုင်ငံဝန်ထမ်းများအတွက်နေအိမ်၊ တိုက်ခန်း အရစ်ကျရောင်းချပေးမည့်အစီအစဉ်ကို လက်ရှိအစိုးရသက်တမ်းတင်မကအစိုးရအဆက်ဆက်နိုင်ငံဝန်ထမ်းများရှိနေသမျှကာလပတ်လုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိတိုင်းနှင့် ပြည်နယ်အသီးသီးတွင် နှစ်စဉ်အငြိမ်းစားယူသည့်ဝန်ထမ်း တစ်သောင်းခွဲဝန်းကျင် ရှိနေရာယင်းဝန်ထမ်းများနေထိုင်နိုင်ရန်နှစ်စဉ်အိမ်ခန်း၊ တိုက်ခန်းတစ်သောင်းခွဲခန့်ပုံမှန်ဆောက်လုပ်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှသိရသည်။
အခုလက်ရှိတော့ကျောင်းတွင်အငြိမ်းစားယူမည့်ဝန်ထမ်းတွေကိုလျှောက်လွှာစာရွက်များပေးထားပြီးအငြိမ်းစားယူသည့်ဝန်ထမ်းများကသိန်း ၁၀ဝ မှ သိန်း ၂၀ဝ ဝန်းကျင်ရှိသည့်နေအိမ်၊ တိုက်ခန်းအတွက် ၁၀ ရာခိုင်နှုန်း အရင်ပေးသွင်းရမည်ဖြစ်ပြီးကျန်ငွေအတွက် ၁၅ နှစ် အရစ်ကျပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်နိုင်ငံတာဝန်ထမ်းဆောင်နေဆဲအစိုးရဝန်ထမ်းများနေထိုင်နိုင်ရန်နေအိမ်၊ တိုက်ခန်းများငှားရမ်း ပေးမည့်အငှားအိမ်ရာစနစ်ကိုလည်း ဇွန်လမှစတင်ကာတိုင်းနှင့်ပြည်နယ်အားလုံးတွင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
နိုင်ငံတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနေရေးအတွက်ပူစရာမလိုဘဲဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းနေထိုင်ရန်အဆောတလျင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းနှင့်ပြည်နယ်တွေ အားလုံးတွင်မြေနေရာ ရှာဖွေထားပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အငှားအိမ်ရာစနစ်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနထံမှ သိရသည်။
imyanmarhouse