စစ်ကိုင်းမြို့ ကမ်းနားလမ်းတစ်လျောက်တွင် မြို့ပြဖွံ့ဖြိုးရေးအတွက် RIVER VIEW ဟိုတယ်ဇုန် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ခရိုင်စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
စစ်ကိုင်းမြို့အင်းဝတံတား(စစ်ကိုင်း)အနီးပတ်ဝန်းကျင်မှ ကမ်းနားလမ်းတစ်လျောက် စစ်ကိုင်းမြို့နယ် နောက်ကြည့်ကျွန်းကျေးရွာအထိ မြို့ပြဖွံ့ဖြိုးရေးအတွက် RIVER VIEW ဟိုတယ်ဇုန် စီမံကိန်း၊ ကုန်တင်ကုန်ချ ဆိပ်ကမ်းတစ်ခုနှင့် လူနေအိမ်ရာများ တည်ဆောက်အကောင်အထည်ဖော်ဆောင် ရွက်ရန် လက်ရှိတွင် ကုမ္ပဏီများကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
"တိုင်းဒေသကြီး အစိုးရအဖွဲ့က နေပြည်တော်မှာ ကျင်းပတဲ့ Investment Forum တုန်းက တရားဝင်ဖိတ်ခေါ်ထားတယ်။ အင်းဝတံတားအနီးကနေစပြီး နောက်ကြည့်ကျွန်းအထိ ကမ်းနားတစ်လျောက်ကို အဆင့်မြှင့်တင်ဖို့အတွက်ကို Developer ခေါ်ထားတာရှိတယ်။ အဓိက ကတော့ ဟိုတယ်ဇုန် လုပ်ချင်တာပေါ့၊ ဆိပ်ကမ်းတို့၊ လူနေအိမ်ရာတို့ ပါရင်ပါမှာပေါ့။ တရားဝင်ပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကုမ္ပဏီနှစ်ခုကလုပ်ဖို့ အဆိုပြုလွှာတင်ထား တယ်လို့ ပြောတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကလည်း ခရီးစဉ်တွေနဲ့မအားဘူးဖြစ်နေတာ။ Developer တွေရဲ့ တင်ပြ ချက်အပေါ်မူတည်ပြီးတော့ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်" ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလိူင်က ပြောသည်။
အဆိုပါ စီမံကိန်းသည် လုပ်ဆောင်လိုသည့် ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံပြီး ဖွံဖြိုးတိုးတက်အောင် ပြုလုပ်ဆောင်ရွက်ရမည့်စီမံကိန်းဖြစ်ကြောင်း၊ မိုင်အားဖြင့် ၁ ဒသမ ၃ မိုင် အရှည်ရှိကြောင်း သိရသည်။
"အခုအချိန်မှာ ကုမ္ပဏီတွေကို Developer မှာခေါ်ထားတယ်၊ ကမ်းလှမ်းထားတယ်။ ကမ်းနားလမ်းတစ်လျောက်မှာ ဧကအားဖြင့် ဧက ၁၅၀ လောက် ဖော်ထုတ်လို့ရမယ်။ အဲ့ဒီဧက ၁၅၀ ဆိုတာက ဟိုတယ်ဇုန်ကို ရည်ရွယ်တာပေါ့။ နောက်ကြည့်ကျွန်းအထိဆို ဧက ၁၅၀၀ လောက်ရှိမယ်။ နောက်ကြည့်ကျွန်းအထိပါမယ်ဆို လုပ်ရမယ့် စီမံကိန်းက အကြီးကြီးဖြစ်မှာပေါ့" ဟု ဥက္ကဋ္ဌက ဆက်လက်ပြောပြသည်။
Source: Myanma Alinn