ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာ ရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာအားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့် ကျေးလက်နေ လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ရာသီမရွေး သွားလာနိုင်သောလမ်းများ အသုံးပြုနိုင်ရေး ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ပုံငွေအရင်းအမြစ်အဖြစ် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေ နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ ရန်ပုံငွေတို့အပြင် ပြည်သူလူထု၏ ထည့်ဝင်ငွေတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ရေးဆွဲထားရှိသည် နှင့်အညီအချို့တိုင်းဒေသကြီး၊ ပြည်နယ်များ၌ မျှဝေခြင်း အစီအစဉ်ဖြင့် ပြည်သူလူထုထည့်ဝင်ငွေ၊ ဌာနမှ စက်ယန္တရားနှင့် နည်းပညာ အကူအညီများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် တောကျယ်ရေပြာအိုင် လမ်းသစ်ဖွင့်ပွဲ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာမှု လွယ်ကူစေရေးအတွက် ရှမ်းပြည်နယ်အတွင်း ကျေးလက်လမ်း ၁၁၁၆၂ ဒသမ ၄၅၉ မိုင်ဖောက် လုပ်ထားပြီး သုံးနှစ်အတွင်းလမ်း မိုင် ၃၈၀ နှင့် တံတား ၁၃၂ စင်းတို့ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်း ကျေးလက်လမ်းမိုင်ပေါင်း ၅၅၅၀၇ နှင့် တံတား ၂၄၁၈၃ စင်း ကို တာဝန်ယူစီမံခန့်ခွဲလျက်ရှိပြီး လမ်းတံတားအသစ် တည်ဆောက်ခြင်း၊ အဆင့်မြှင့် တင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပမာဏ အလွန်များပြားသဖြင့် ရန်ပုံငွေ လိုအပ်ချက်များစွာ ရှိနေကြောင်း သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လက်ရှိကျေးလက်လမ်းများ အားလုံး၏ ၅၀ ရာခိုင်နှုန်းသည် ရာသီမရွေး သွားလာနိုင်ပြီး ၃၆ ရာခိုင်နှုန်းသည် ပွင့်လင်းရာသီမှာသာ သွားလာနိုင်ကြကာ ကျန် ၁၄ ရာခိုင်နှုန်း ဖြစ်သော ကျေးရွာပေါင်း ၈၂၃၀ ရွာအပါအဝင် ကျေးလက်လမ်းများ ဖောက်လုပ်ပေးရန် လိုအပ်ချက် ရှိနေကြောင်း ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာလင်းထွဋ်က ဆိုသည်။
“ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းမှာ မြို့ပြဒေသမှာ နေထိုင်ပြီး ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်အနေနဲ့ ကျေးလက်ဒေသ နေထိုင်သူဟာ တစ်ပြည်နယ်လုံးရဲ့ ၇၆ ရာခိုင်နှုန်းအထိရှိပါတယ်။ ဒါကြောင့် ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ရာမှာ ကျေးလက်နေပြည်သူများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အလွန်ပဲ အရေးကြီးပါတယ်” ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးကို ဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အထိ သုံးနှစ်တာ ကာလအတွင်း ကွန်ကရစ်လမ်း ၂ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၇၄ မိုင် ၅ ဒသမ ၄၄၉ ဖာလုံ၊ ကျောက်လမ်း ၉၄ မိုင် ၀ ဒသမ ၅၂၈ ဖာလုံ၊ မြေသားလမ်း ၁၁၁ မိုင် ၃ ဒသမ ၄၃၅ ဖာလုံ၊ လမ်းစုစုပေါင်း ၃၀၈ မိုင် ၅ ဒသမ ၇၉၁ ဖာလုံ နှင့် ကွန်ကရစ်တံတား ၅၅ စင်း၊ သစ်သားတံတားနှစ်စင်း၊ Box Culvert ၁၇၄ စင်းတို့အား ပြည်နယ်အစိုးရက စီမံခန့်ခွဲ ချမှတ်ပေးထားသော ဘဏ္ဍာရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
ကျေးလက်လမ်းတံတား၊ တည်ဆောက် ပြုပြင်ရေး လုပ်ငန်းများဟာ ပမာဏ များပြားလွန်းတဲ့အတွက် နိုင်ငံတော် ဘတ်ဂျက်တစ်ခုတည်းနဲ့ အခက်အခဲရှိသဖြင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကိုရယူပြီး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးလျက် ရှိရာတွင် ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) ဖြင့် လည်းကောင်း၊ ဂျပန်နိုင်ငံ CORE အဖွဲ့ဖြင့်လည်းကောင်း၊ ပြည်သူနဲ့ ဌာနပူးပေါင်း၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်လည်းကောင်း ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့ လက်တွဲပြီး ယူရိုငွေ ၁၈ သန်း အသုံးပြုကာ ကတ္တရာလမ်းအရှည် ၉၉ ကီလိုမီတာကို တည်ဆောက်နိုင်ခဲ့ပြီး ဆက်လက်၍လည်း ထပ်မံပူးပေါင်း တည်ဆောက် ပေးလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ CORE အဖွဲ့နှင့် ပူးပေါင်း၍လည်း တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်းတွင် ကျောက်ချောလမ်း ၂ မိုင် ၃ ဒသမ ၈၃ ဖာလုံကို ဆောင်ရွက်ပေးခဲ့ပါကြောင်း ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆိုသည်။
ထို့ပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြုစေရန် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးများက သက်ဆိုင်ရာ မြို့နယ်များအတွင်း နယ်မြေခွဲဝေ သတ်မှတ်ပြီး ဆောင်ရွက်ပေးနေပြီး ကျေးလက်နေ ပြည်သူများ၏ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသခံများ၏ ကျန်းမာရေးဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဦးစီးဌာနနှင့် အဆင့်မြင့်ပညာ ဦးစီးဌာနများက တာဝန်ယူ ဆောင်ရွက်ပေးနေပါကြောင်း ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ထည့်သွင်းပြောကြား ခဲ့သည်။