ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် လမ်းကွန်ရက်အမှတ် (၁၀)ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြကားလမ်း မိုင်တိုင်အမှတ်(၁၇/ဝ)၌ စော်ကဲမြစ်ကိုဖြတ်၍ အလျား မီတာ ၇၅၀၊ ပေအားဖြင့် ၂၄၆၀ ရှိ စော်ကဲမြစ်ကူး
တံတားတစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၂)က တည်ဆောက်လျက်ရှိသည်။
တည်ဆောက်လျက်ရှိသော တံတားအမျိုးအစားမှာ အပေါ်ထည် မီတာ ၉၀ ရှိ သံမဏိသံပေါင်၊ မီတာ ၃၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် အောက်ထည်မှာ သံကူကွန်ကရစ် အုတ်မြစ်၊ သုည ဒသမ ၅ မီတာနှင့် သုည ဒသမ ၂ မီတာအချင်းရှိ သံကူကွန်ကရစ်ဘိုးပိုင်၊ တံတားအရှည်မီတာ ၇၅၀၊ ပေအားဖြင့် ၂၄၆၀၊ တံတားအကျယ် ၇ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက် တစ်မီတာ၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀၊ ရေလမ်းကင်းလွတ်အကျယ်ပေ ၂၄၀၊ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးခြင်း ၇၅ တန်၊ စီမံကိန်း တန်ဖိုးမှာ ၁၇ ဒသမ ၅ ဘီလီယံဖြစ်သည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ယခင်က ရေလမ်းခရီးကိုသာ အားထားနေရသော တိုင်းဒေသကြီးဖြစ်သည်။ ၂၀၀၈ ခုနှစ်က ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ဒေသအတွင်းမှ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်ကြုံခဲ့ ကြရသည်။
ထိုဒေသတွင် အဆိုပါအဖြစ်မျိုးမဖြစ်စေရန် နိုင်ငံတော်က လမ်းကွန်ရက်များ ဖောက်လုပ်ပေးခဲ့ရာ လမ်းကွန်ရက်အမှတ် (၁၀)ကားလမ်းလည်း တစ်လမ်းအပါအဝင်ဖြစ်ပြီး ထိုလမ်းကြောင်းပေါ်၌ စော်ကဲတံတားသည် အရေးပါသော တံတားကြီး ဖြစ်ပြီး တံတားပြီးသွားပါက လမ်းကွန်ရက်အမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ ကားလမ်းမကြီးသည် ဖြောင့်ဖြူးသာယာလျက်ရှိတော့မည်ဖြစ်သည်။
Source: MOI